DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဆမီးမြို့ကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
DVB
·
August 13, 2026
Photo: CINCDS (ပုံဟောင်း)
Photo: CINCDS (ပုံဟောင်း)
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ကို ဩဂုတ် ၁၂ ရက် ညမှာ စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးငယ်တယောက် သေဆုံးခဲ့ပြီး ကလေးငယ် ၅ ယောက် အပါအဝင် အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ကို ဩဂုတ် ၁၂ ရက် ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆမီးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“မနေ့က လူတွေ အိပ်နေချိန်မှာ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ် လာကြဲသွားတာရှိတယ်။ ၁၆ နှစ်အရွယ် မိန်းကလေးငယ်‌တဦး သေတယ်။ နောက်ထပ်လည်း ကလေး ၅ ဦးနဲ့ လူကြီးပိုင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာရှိတယ်။ လူတွေ အိပ်နေချိန်ကို အငိုက်ဖမ်းပြီးတော့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်သွားတာ။ ဒဲ့ပြောရရင် စစ်သားမဆန်ဘူးပေါ့ဗျာ၊ သူရဲဘောကြောင်ကြောင် ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာ။” 

ထိခိုက်ဒဏ်ရာရရှိသွားသူတွေထဲမှာလည်း အသက် ၈ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးငယ် ၅ ယောက်အထိ ပါဝင်ကြပြီး လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ အရေးပေါ်ဆေးကုမှု ခံယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆမီးမြို့က သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို DVB က စုံးစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဆမီးမြို့ကို ၂၀၂၄ ခုနှစ်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်အာဏာရှင်တပ်က ၂၀၂၆ ခုနှစ် အစောပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဩဂုတ် ၁၁ ရက် မနက်ကလည်း ပလက်ဝမြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိန်းကလေးငယ် ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို နေ့တိုင်းဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဩဂုတ်လ ပထမ ၁၁ ရက်အတွင်းမှာတင် အရပ်သား သေဆုံးသူ ၁၉ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ယောက်အထိ ရှိလာနေတယ်လို့ HDCO က ပြောထားပါတယ်။

ဩဂုတ်လ ပထမ လဝက်အတွင်းမှာတင် စစ်အာဏာရှင်တပ်က သံတွဲ၊ ငပလီ၊ အမ်း၊ မြောက်ဦး၊ ပလက်ဝနဲ့ ဆမီးမြို့ စတဲ့ မြို့ ၆ မြို့ကို လေကြောင်းကနေ လေယာဉ်အုပ်စုလိုက်သုံးပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013