လေယာဉ်တင်သင်္ဘော USS ဂျော့ချ် ဝါရှင်တန်ဟာ အာရေဗျပင်လယ်ထဲမှာ လည်ပတ်ခုတ်မောင်းနေတာကို ပြသတဲ့ ရုပ်သံဗီဒီယိုကို အမေရိကန်ရေတပ်က သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အရင်က ရှိနေတဲ့ USS အေဘရာ ဟင်မ်လင်ကွန်း လေယာဉ်တင်သင်္ဘောရဲ့ တာဝန်ကို အစားထိုးဖို့ USS ဂျော့ချ် ဝါရှင်တန် လေယာဉ်တင် သင်္ဘောကို အရှေ့အလယ်ပိုင်း ဒေသထဲ စေလွှတ်ထားတယ်လို့ အမည်မဖော်တဲ့ အမေရိကန် အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
စစ်ရေးဆိုင်ရာ သတင်းဌာနတွေဖြစ်တဲ့ Navy Times နဲ့ Stars and Stripes သတင်းဌာနတို့က ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ပင်လယ်ပြင်ထဲမှာ ရှိနေခဲ့တဲ့ လူအယောက် ၅,၀၀၀ ပါတဲ့ USS အေဘရာဟင်မ် လင်ကွန်းလေယာဉ်တင် သင်္ဘောပေါ်မှာ မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးပမ်းမှုတွေနဲ့ စိတ်ဓာတ်ကျသူတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က USS အေဘရာဟင်မ် လင်ကွန်း လေယာဉ်တင်သင်္ဘောပေါ်က အခြေအနေ ဆိုးရွားမှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး လုံးဝ မှားယွင်းတယ်လို့ ပြောပါတယ်။
ဒီလေယာဉ်တင် သင်္ဘောဟာ အီရန်နဲ့ အမေရိကန် စစ်ပွဲကို ပံ့ပိုးဖို့ ဇန်နဝါရီလကစပြီး အရှေ့အလယ်ပိုင်းမှာ လှည့်ပတ်နေခဲ့ပါတယ်။
USS ဂျော့ချ် ဝါရှင်တန် လေယာဉ်တင် သင်္ဘောကို တပ်ဖြန့်ချထားဖို့ ကြိုတင် စီစဉ်ထားတယ်လို့ အမေရိကန်အရာရှိက ပြောပါတယ်။
ပုံမှန်အားဖြင့် ရေတပ်ရဲ့ တပ်ဖြန့်ချထားမှုတွေက ၆ လကနေ ၉ လအထိ ကြာတတ်ပေမဲ့ ပဋိပက္ခဖြစ်ချိန်တွေမှာ သက်တမ်းတိုးနိုင်ပါတယ်။
ဒီလို တာဝန်ချိန် သက်တမ်းတိုးတာဟာ အထူးသဖြင့် စစ်ပွဲအတွင်း သင်္ဘောသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကြီးအကျယ် ဖိအားဖြစ်စေနိုင်ပြီး အမေရိကန်ရေတပ်အတွက် အမြဲတမ်း စိန်ခေါ်မှုတရပ်ဖြစ်ခဲ့ပါတယ်။
အီရန်ကနေ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုရဲ့ ခြိမ်းခြောက်မှုနဲ့အတူ ရေတပ်သားတွေဟာ သတိရှိမှုနဲ့ အသင့်ဖြစ်နေမှုကို မြင့်မြင့်မားမား ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။
Source: Reuters











