တတိယမြောက် အမေရိကန်လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းသို့ ရောက်ရှိ

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲ အဆုံးသတ်ရေးနဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ဆွေးနွေးမှုတွေ ရပ်တန့်နေချိန်မှာပဲ အမေရိကန်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောဟာ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာပြီလို့ နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး USS သီအိုဒို ရုစဗဲ့ လေယာဉ်တင်သင်္ဘောဟာ ပုံမှန်စီစဉ်ထားတဲ့ တပ်ဖြန့်မှုအရ ရောက်ရှိလာတာဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်းစစ်တိုင်းဌာနချုပ် (CENTCOM) က နိုဝင်ဘာ ၁၆ ရက်မှာ အတည်ပြုပါတယ်။
CENTCOM ဟာ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ တောင်အာရှကို တာဝန်ယူရတဲ့ အမေရိကန် စစ်တိုင်းဌာနချုပ်ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ ရှိနှင့်ပြီးသား USS ဂျော့ချ်ဝါရှင်တန်နဲ့ USS ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ်တို့နဲ့ ပူးပေါင်းလိုက်တဲ့အတွက် အဲဒီဒေသမှာ အမေရိကန်လေယာဉ်တင်သင်္ဘော ၃ စင်း တပြိုင်နက် ရှိနေပြီ ဖြစ်ပါတယ်။
သီအိုဒို ရုစဗဲ့ဟာ စစ်သည်အင်အား ၅,၀၀၀ ကျော်နဲ့ တိုက်လေယာဉ်အပါအဝင် လေယာဉ်အစင်း ၆၀ ကျော် သယ်ဆောင်နိုင်ပြီး အရင်ရှိနေတဲ့ သင်္ဘောတစင်းကို အစားထိုးဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လိုအပ်လာရင် ၃ စင်းစလုံး တပြိုင်တည်းထားရှိမယ်လို့လား သိရပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီလမှာ ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး ဇွန်လမှာလည်း နားလည်မှုစာချွန်လွှာတစ်ခု ရရှိခဲ့ပေမဲ့ ဇူလိုင်လမှာ သဘောတူညီမှု ပျက်ပြား ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ စစ်ပွဲဟာ စစ်ရေးအရ အဆုံးသတ်သလောက် ဖြစ်နေပြီလို့ ပြောထားပေမဲ့ အခြေအနေပြောင်းလဲလာရင် တိုက်ခိုက်ဖို့ အမေရိကန်စစ်တပ်က အသင့်ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။
အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီကတော့ “အမေရိကန်က စပြီး တိုက်ခိုက် လာတဲ့အထိ ကျနော်တို့ စောင့်နေမှာ မဟုတ်ဘူး” လို့ သတိပေးထားပါတယ်။
အီရန်ဘက်က စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှု ရုပ်သိမ်းဖို့၊ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားဖို့နဲ့ ထိန်းချုပ်ထားတဲ့ အီရန်ငွေကြေးတွေ ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
ပါကစ္စတန်နဲ့ ကာတာနိုင်ငံတို့က နှစ်ဖက်ကြား ကြားဝင်ညှိနှိုင်းပေးနေကြပေမဲ့ စစ်ပွဲ ပြန်လည် ပြင်းထန်လာနိုင်တဲ့ အန္တရာယ်ရှိနေဆဲဖြစ်ပြီး သံတမန်ရေးအရ အဖြေရှာနိုင်ဖို့လည်း ခက်ခဲ နေပါတယ်။
Source:Reuters











