
အရှေ့အလယ်ပိုင်းရေကြောင်းတလျှောက် ခြိမ်းခြောက်မှုအဆင့်ကို ပြင်းထန်တဲ့အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ အမေရိကန် ဦးဆောင်တဲ့ ပူးတွဲ ရေကြောင်းသတင်းအချက်အလက်စင်တာ (JMIC) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုတွေ များလာပြီးနောက်ပိုင်း အခုလို သတိပေးမှု ထုတ်ပြန်ခဲ့တာပါ။ ဒီထုတ်ပြန်ချက်ကို ဗြိတိန်ရေကြောင်းကုန်သွယ်မှု UKMTO က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
JMIC ဟာ နိုင်ငံတကာက ရေကြောင်းအကြံပေးတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ဗြိတိန်နိုင်ငံကလည်း သတင်းအချက်အလက်တွေကို ထုတ်ပြန်တဲ့ အဓိကအဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်ကနေ ၂၉ ရက်အထိ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ခံခဲ့ရတယ်လို့ အကြံပေးတွေက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်က ဟော်မုဇ်ကနေ ထွက်လာတဲ့ ရေနံတင်သင်္ဘောတစင်း အမည်မသိအဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောပေါ်မီးလောင်ခဲ့လို့ အလျင်အမြန် ငြှိမ်းသတ်ခဲ့ရပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း ရေနံတင်သင်္ဘော ၃ စင်းကို ပစ်ခတ်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ သင်္ဘောသားတွေ ထိခိုက်မှုမရှိဘူးလို့ ဖော်ပြပါတယ်။
အီရန်ရဲ့ ပါရှားပင်လယ်ကွေ့ အာဏာပိုင်တွေကလည်း ဟော်မုဇ်မှာ သင်္ဘောတွေ တိုက်ခိုက်ခံရတယ်လို့ ပြောထားပါတယ်။










