
သီတင်းကျွတ် မီးထွန်းပွဲတော်ကာလအတွင်း ပြည်တွင်းထုတ် စက္ကူမီးပုံးတွေ ဈေးနှုန်း ၂ ဆလောက် မြင့်တက်လာတယ်လို့ စက္ကူမီးပုံးလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စက္ကူမီးပုံး ပြုလုပ်ရာမှာ အဓိကအသုံးပြုရတဲ့ ကုန်ကြမ်းတွေကို နယ်ဘက်တွေကနေ တင်သွင်း ရတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်ကြမ်းဖိုးတွေ မြင့်တက်လာပြီး ဈေးကွက်ထဲမှာ စက္ကူမီးပုံးဈေးနှုန်းတွေ လိုက်ပါမြင့်တက်လာတာ ဖြစ်ပါတယ်။
စက္ကူမီးပုံးလုပ်ကိုင်သူတယောက်က “ဒီနှစ် သယ်ယူပို့ဆောင်ရေးစရိတ်က တော်တော်ကြီးတယ်။ စက်သုံးဆီဈေးတွေကလည်း ဝယ်ရတာ ခက်တာနဲ့ ဈေးတက်နေတာကြောင့်လည်း ပါတယ်။ တချို့ဆို စက္ကူမီးပုံးကို မလုပ်နိုင်ကြတော့ဘူး။ ကုန်ကြမ်းကလည်း ဈေးတက်လာတယ်။ အဲဒါတွေ ဈေးတက်တော့ ဈေးကွက်ထဲမှာပါ ဈေးတွေက လိုက်တက်ရော”လို့ ပြောပါတယ်။
မီးပုံးဘောင်အတွက် လိုအပ်တဲ့ ဝါးနဲ့ ဒေသတွင်းထွက်ရှိတဲ့ ရှမ်းစက္ကူ/ လက်လုပ်စက္ကူတွေကို ပြည်တွင်းဒေသတွေကသာ အဓိကရရှိသုံးစွဲရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အလှဆင်ရာမှာ အသုံးပြုတဲ့ ပိတ်စ၊ ကော်၊ ဝါယာနဲ့ မီးဆိုင်းမီးတွဲ တချို့ကိုတော့ အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် ပြည်ပမှ ကုန်စည်စီးဆင်းမှုအပေါ် မူတည်ပြီး သုံးစွဲရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ ဒီဇိုင်းနဲ့ အရွယ်အစားအလိုက် လက်လီ/လက်ကား ဈေးနှုန်းတွေမှာ အနည်းဆုံး ကျပ် ၃,၀၀၀ မှ ကျပ် ၅,၀၀၀ အထိရှိပြီး၊ ဒီဇိုင်းစုံ မီးပုံးတွေကတော့ ကျပ် ၅,၀၀၀ မှ ကျပ် ၁၅,၀၀၀ ဝန်းကျင် အထိ ဈေးနှုန်းရှိပါတယ်။
ကလေးကစားစရာ မီးထွန်းကားရုပ်တွေက အရင်နှစ်က တရုပ်ကို ကျပ် ၄,၀၀၀ ဝန်းကျင်ရှိရာမှ အခုနှစ်မှာ ကျပ် ၉,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပါတယ်။
တရုတ်နိုင်ငံဖြစ် ရောင်စုံမီးပုံးတွေကတော့ ဒီဇိုင်းနဲ့ အရွယ်အစားပေါ် မူတည်ပြီး တခုကို ကျပ် ၁၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ဈေးနှုန်းကွာခြားမှု ရှိနေတယ်လို့ သိရပါတယ်။
ဝါး၊ စက္ကူ၊ ကော်နဲ့ မီးလုံးဖိုးစတဲ့ ကုန်ကြမ်းဈေးနှုန်းတွေ နှစ်စဉ်မြင့်တက်နေသလို၊ ဈေးကွက်မှာ ပြည်ပက ဝင်ရောက်လာတဲ့ LED မီးသုံး ကစားစရာအရုပ်တွေလည်း ဈေးကွက် ပြိုင်ဆိုင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။











