
ဂျပန်နိုင်ငံ၊ အအိချီခရိုင်၊ နာဂိုယာမြို့ရှိ မေတ္တာဓိကစေတီတော် ရင်ပြင်တော်မှာ မြန်မာ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတခုဖြစ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲကို အောက်တိုဘာလ ၂၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
နာဂိုယာမြို့၊ တိပိဋက ဗြဟ္မဝိဟာရ ဆရာတော်အရှင်ဦးတိလောကက သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့နဲ့ စပ်လျဉ်းပြီး တရားတော် ဟောကြားပေးခဲ့ကာ ပွဲတော်မှာ အလှူရှင်တွေက စတုဒီသာတွေနဲ့ ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။
နာဂိုယာမြို့ မေတ္တာဓိကစေတီတော် သီတင်းကျွတ်ပွဲတော်မှာ ထူးခြားမှုတခုအနေနဲ့ မြန်မာနိုင်ငံမှာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး ဆုတောင်းပွဲနဲ့ ဓာတ်ပုံပြပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
နာဂိုယာမြို့ မေတ္တာဓိကစေတီတော် ဦးဆောင်ဆရာတော် ဂျပန် ဘုန်းတော်ကြီး မာဂျီမစံက "ဂျပန်ဗုဒ္ဓဘာသာမှာလည်း အခုလို မီးထွန်းပြီး ဆုတောင်းတာတွေ ရှိပါတယ်။ မြန်မာ့သီတင်းကျွတ် မီးထွန်းပွဲတော်ဆိုတာ အလင်းရောင်ပေးတဲ့ ပွဲတော်ဖြစ်သလို အကျဉ်းထောင်တွေအတွင်း ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝတွေလည်း မျှော်လင့်ခြင်း အလင်းရောင် ရရှိစေလိုတဲ့ သဘောနဲ့ အခုလို မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး ဆုတောင်းပေးခြင်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်" လို့ DVB ကိုမိန့်ပါတယ်။
သီတင်းကျွတ်ပွဲတော်ကို နာဂိုယာ အနီးတဝိုက်က မြန်မာနိုင်ငံသားတွေ ၈၀၀ နီးပါး လာရောက်ခဲ့ကြ ပါတယ်။
ပွဲတော်ကျင်းပရေး ကော်မတီဝင် ဦးမင်းသိန်းက"မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အ သီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ ယုံကြည်မှု၊ ပြည်သူတွေအားလုံးအတွက် အနစ်နာခံ ကြိုးစားပေးဆပ်နေမှုတွေကို လေးစားဂုဏ်ပြုချင်လို့ ဖြစ်ပါတယ်။ အခုပွဲတော်က ရရှိတဲ့ အလှူငွေတွေကို စေတီမွမ်းမံရေး၊ ဂျပန် ကူမာမိုတိုငလျင်ဘေးနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ရေးတို့ကို အချိုးကျ ခွဲဝေလှူဒါန်းသွားပါမယ်"လို့ ပြောပါတယ်။
နာဂိုယာမြို့ မေတ္တာဓိကစေတီတော် တည်ထောင်ခဲ့သူ ဦးဆောင်ဆရာတော် မာဂျီမစံဟာ ၁၉၈၉ ခုနှစ်ကတည်းက နှစ်ပေါင်း ၃၀ ကျော် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားဒုက္ခသည်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မြန်မာရဟန်းသံဃာတော်တွေကို အစဉ်တစိုက် ကူညီပံ့ပိုးပေးနေတဲ့ ဘုန်းတော်ကြီးတပါးလည်း ဖြစ်ပါတယ်။











