
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ သီတင်းကျွတ်လပြည့်ည တေးဂီတဖျော်ဖြေပွဲညအတွင်း အရပ်သား လူငယ်နဲ့ လူလတ်ပိုင်း ၁၂ ယောက်ကို စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ သီတင်းကျွတ် တေးဂီတ ဖျော်ဖြေပွဲညအတွင်း အမျိုးသားအရပ်သား ၁၂ ယောက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိဘူး။ အဖမ်းခံရတာတော့ ဟုတ်တယ်။ မသင်္ကာလို့ ဖမ်းတယ်လို့လည်း သိရတယ်။ အမျိုးသားတွေချည်းပဲ” လို့ ပြောပါတယ်။
အဖမ်းခံရသူ ၁၂ ယောက်ထဲမှာ ပုသိမ်မြို့ပေါ်က ၆ ယောက်၊ ရွှေသောင်ယံမြို့ဘက်က ၃ ယောက်၊ ချောင်းသာမြို့ဘက်က ၂ ယောက်နဲ့ ငွေဆောင်မြို့က ၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ခံ တယောက်က “ပွဲလမ်းသဘင်တွေရှိရင် မသွားရဲလောက်တဲ့အထိ ဖြစ်နေတယ်။ ကိုယ့်သားသမီးတွေကို ထိန်းသိမ်းသင့်တယ်။ မဖြစ်သင့်တာတွေ မဖြစ်စေဖို့ပါ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိသားစုတွေက လိုက်လံစုံစမ်းနေကြပေမဲ့ အဆက်အသွယ်မရဖြစ်နေတဲ့အတွက် စစ်မှုထမ်းအဖြစ် ထည့်သွင်းခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဖြစ်တယ်လို့ သိရပေမဲ့ သူတို့ရဲ့ အမည်တွေ၊ ဖမ်းဆီးခံရတဲ့ အကြောင်းရင်းနဲ့ လက်ရှိအခြေအနေတို့ကိုတော့ အသေးစိတ် မသိရသေးပါဘူး။











