
အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကွပ်ကဲမှုအောက်မှာရှိတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်အာဏာရှင် တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၂၇ ရက် ည ၉ နာရီဝန်းကျင်က ရေကြည်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင် တပ်သားတွေ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်လို့ တပ်သားအဆင့် ၂ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
ရေကြည်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရိက္ခာပို့ယာဉ် တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ စကားများကြတာလို့ သိရတယ်။ ရိက္ခာပို့ ထပ်သွားရမဲ့လမ်းကြောင်းကို ပထမသွားပို့တဲ့အဖွဲ့မှာ ပါတဲ့သူတွေက ထပ်မလိုက်ဖို့ ငြင်းရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်တာ။ သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်ကြတာ။ ၂ ယောက်က ပွဲချင်းပြီး” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် တပ်သား ၂ ယောက် သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရှိသူတွေဟာ စစ်မှုထမ်းတပ်သားတွေလား၊ အရင် သန္ဓေတပ်သားဟောင်းတွေလား မသိသေးပါဘူး။
အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်သားတွေဟာ စိတ်ဓာတ်ရေးရာ ယိုယွင်းလာတာ၊ လုပ်ငန်းခွဲဝေတာဝန်ပေးမှုတွေမှာ ခွဲခြားခံရတာ၊ စိတ်ဖိစီးမှုတွေ များလာတာ စတဲ့အခြေအနေတွေကြောင့် အချင်းချင်းကြား ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။










