
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာမှာ လင်မယားချင်း စကားများရန်ဖြစ်တာကို အကြောင်းပြပြီး အသက် ၃၀ အရွယ် အမျိုးသားတယောက်ကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ထည့်သွင်းလိုက်တယ်လို့ ဒေသခံတွေဆီက နေ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဒေါင့်ကြီးဘက်ကျေးရွာမှာ နေထိုင်တဲ့ ကိုသန်းဇော်မျိုးဟာ ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ခဲ့ပြီး ဇနီးရဲ့ဖခင်က ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်စိုး ဆီကို သွားရောက်တိုင်ကြားခဲ့ပါတယ်။
အဲဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်စိုး၊ ရာအိမ်မှူး မြင့်ဦး နဲ့ အုန်းကြိုင် တို့ပါဝင်တဲ့အဖွဲ့က ကိုသန်းဇော်မျိုးရဲ့ နေအိမ်အထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်မှုထမ်းအဖြစ် အဓမ္မ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အုပ်ချုပ်ရေးအဖွဲ့ဟာ ကိုသန်းဇော်မျိုးရဲ့ ဇနီးဆီကနေ စစ်မှုထမ်းဖို့အတွက်ဆိုပြီး အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်ကိုပါ တောင်းယူသွားခဲ့ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်ရဲ့ ပြောပြချက်အရ ကိုသန်းဇော်မျိုးကို ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီး မိသားစုနဲ့လည်း တွေ့ဆုံခွင့်မပေးဘူးလို့ သိရပါတယ်။
မိသားစုဝင်တွေက ရေကြည်မြို့နယ်အုပ်ချုပ်ရေးရုံးဆီကို အချိန်မီလိုက်သွားခဲ့ပေမဲ့ ကိုသန်းဇော်မျိုးနဲ့ တွေ့ဆုံခွင့်မရရှိဘဲ စစ်မှုထမ်းအဖြစ်ခေါ်သွားတဲ့ကားပေါ်မှာ ပါသွားတာကိုပဲ တွေ့မြင်ခဲ့ကြရပါတယ်။
စစ်အာဏာရှင်ရဲ့အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ လင်မယားချင်းစကားများရန်ဖြစ်တာကို အခွင့်ကောင်းယူ ပြီး အသက် ၅ နှစ်အရွယ် ကလေးတယောက်ရဲ့အဖေကို စစ်မှုထမ်းအဖြစ် အဓမ္မ ထည့်သွင်းလိုက်တဲ့ အပေါ် ဒေသခံတွေမကျေမနပေဖြစ်နေကြပြီး အဲဒီ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေး အဓမ္မကောက်ခံတာ၊ ပေါ်တာဆွဲ ဖမ်းဆီးတွေလည်းလုပ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။











