
မန္တလေးတိုင်း၊ တောင်သာမြို့မှာ နိုဝင်ဘာ ၃ ရက်က ကုန်စုံဆိုင်တဆိုင်အတွင်း သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် အမျိုးသားနဲ့ အမျိုးသမီး လင်မယားအပြင် ဆိုင်ရှင်အမျိုးသမီးပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ည ၆ နာရီ မိနစ် ၅၀ လောက်က တောင်သာမြို့၊ အမှတ် ၅ ရပ်ကွက်၊ နာရီစင်အနီးရှိ ဖိုးသားကုန်စုံဆိုင်မှာ အသက် ၃၄ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ကိုပြည့်ဖြိုးမောင်နဲ့ အသက် ၂၃ နှစ်အရွယ် ဇနီးဖြစ်သူ မရွှေယမင်းဦးတို့ ဈေးဝယ်ပြီး ဆိုင်ရှင် ဒေါ်ခိုင်ခိုင်အောင်နဲ့အတူ စကားပြောနေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်တယောက် ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် လက်နက်ကိုင်အဖွဲ့ဝင်တယောက်ဟာ အအေးဝယ်ယူလိုကြောင်း ပြောဆိုပြီး ဆိုင်အတွင်း ဝင်လာကာ ကိုပြည့်ဖြိုးမောင်၊ မရွှေယမင်းဦးနဲ့ ဆိုင်ရှင် ဒေါ်ခိုင်ခိုင်အောင်တို့ကို သေနတ်နဲ့ ၈ ချက်ခန့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် ကိုပြည့်ဖြိုးမောင်ဟာ ညာဘက်မျက်လုံး၊ ဘယ်ဘက်ရင်ဘတ်နဲ့ ဘယ်ဘက်ကျောဘက်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူ မရွှေယမင်းဦးမှာလည်း လည်ပင်းနောက်ဘက်၊ ညာဘက်ကျောနဲ့ ညာဘက်နဖူးတို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ၂ ယောက်စလုံး သေဆုံးခဲ့ ပါတယ်။
ဆိုင်ရှင် ဒေါ်ခိုင်ခိုင်အောင် မှာလည်း ဘယ်ဘက်ဂျိုင်းအောက်နဲ့ ညာဘက်လက်မောင်း အဆစ်နားတို့မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် တောင်သာပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်။
မြို့ခံတယောက်က “ဆိုင်ထဲမှာ ဈေးဝယ်ရင်း စကားပြောနေကြချိန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ဆိုင်ရှင်အမျိုးသမီး အပါအဝင် လူ ၃ ယောက် သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်ဟာ ဆိုင်ကယ်နဲ့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် လင်မယားမှာ အသက် ၄ လအရွယ် ကလေးငယ်တယောက် ကျန်ရစ်ခဲ့ ပါတယ်။











