DVB Logo
Home
ဆောင်းပါး
စစ်ပွဲနဲ့ ဗုံးခိုကျင်းထဲက ငိုသံတွေကြားက ဂီတသင်တန်းကျောင်း ဆရာမလေး
DVB
·
July 3, 2026
စစ်ပွဲနဲ့ ဗုံးခိုကျင်းထဲက ငိုသံတွေကြားက ဂီတသင်တန်းကျောင်း ဆရာမလေး
Donate to DVB

သေနတ်သံနဲ့ ဗုံးမိုးတွေကြားထဲမှာ အိုးအိမ်တွေ၊ အိပ်မက်တွေ လုယူခံခဲ့ရပေမဲ့ စစ်ဘေးရှောင်လူငယ်တွေရဲ့ စိတ်ဓာတ်ကျမှုတွေကို သက်သာလျော့ပါးစေဖို့နဲ့ အိပ်မက်တွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့ 'ဂီတကျောင်းတော်လေး' ကို မနည်းရုန်းကန်တည်ထောင်နေတဲ့ ကရင်နီမြေပြင်က ဂီတဆရာမလေး မော်ဖရေးမြာရဲ့ မြေပြင်ရုန်းကန်မှု ရင်တွင်းစကားတွေနဲ့ တော်လှန်‌ရေးအိပ်မက်တွေကို DVB Women’s Voice မှ ဆက်သွယ်မေးမြန်းထားတဲ့ ရင်ဖွင့်သံတွေကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

မိဘမဲ့ကျောင်းမှသည် ကရင်နီ တောတောင်တွေဆီ

အာဏာမသိမ်းခင်ကတော့ အဓိကက ကျောင်းတက်တာပေါ့။ ဂီတကျောင်းတက်တယ်။တဖက်မှာလည်း အဝေးသင်တက္ကသိုလ်တက်တာပေါ့။ ဘာတွေလုပ်ခဲ့လဲဆိုတော့ ကျောင်းပိတ်တဲ့ အချိန်မှာ ဂီတနဲ့ပတ်သက်ပြီး သွားသင်ကြားပေးတာတွေ ရှိမယ်။ မိဘမဲ့ကျောင်းတွေမှာရော၊ တခြား နယ်ဝေးတဲ့နေရာတွေမှာရော၊ ဘုရားကျောင်းတွေမှာရော သွားသင်ပေးတာတွေ ရှိမယ်။  ကရင်နီမှာပဲ နေတာဆိုတော့လေ ကိုဗစ်ကာလမှာကတည်းက ကျောင်းပိတ်ပြီးတော့ အပြင်ထွက်လို့ မရတဲ့ အချိန်မှာကတည်းက ကရင်နီမှာပဲ ပြန်နေတာပေါ့။ အာဏာသိမ်းတဲ့အချိန်လည်း ဖြစ်သွားရော ကိုယ်က ဒီဘက်မှာပဲနေဖို့ ပိုခိုင်သွားတော့ ကိုယ်နေတဲ့ လွိုင်ကော်မြို့ပေါ်ကနေ တောဘက်ကို ပြန်ပြီးတော့ သွားလိုက်တာပေါ့။

စစ်ရှောင်လူငယ်တွေရဲ့ ငိုကြွေးရင်ဖွင့်သံကြောင့် ဂီတကျောင်းဖွင့်

ဂီတကျောင်း မဖွင့်ခင်မှာက အလုပ်တွေအများကြီး လုပ်တယ်ပေါ့။ အဖွဲ့အစည်းတွေ တော်တော်များများမှာ ကျမလုပ်တယ်။ ရဲမေလည်း ဝင်လုပ်တယ်။ ဆေးရုံမှာလည်း ပရဟိတ ဝင်လုပ်တယ်။ လူသားစာနာအကူအညီတွေမှာ NGO တွေနဲ့ လိုက်ပြီးတော့ အလုပ်လုပ်တာတွေ ရှိတယ်၊ ပရဟိတလုပ်တာတွေ ရှိတယ်။ လူငယ်အဖွဲ့အစည်းတွေမှာလည်း ပရဟိတ ဝင်လုပ်တာတွေ ရှိတယ်။ နယ်ပယ်စုံမှာ အလုပ်လုပ်ရင်းနဲ့ နယ်ပယ်စုံကလူတွေနဲ့ အကုန်ကြုံတွေ့တယ်ပေါ့။

တော်လှန်ရေးက ကြာမယ်လို့ ခံစားမိတယ်ပေါ့၊ ကြာမယ်လို့ ခံစားမိတော့ ရဲဘော်ရဲဘက်တွေ စစ်ရှောင်တဲ့ပြည်သူတွေ များလာရင်ရော အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့်ရော လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုတွေကြောင့်ရော မိသားစု အခြေအနေကြောင့် အသက်မပြည့်ပဲ အလုပ်သမားတွေ ဖြစ်သွားကြမဲ့ လူတွေရော အများကြီးကို မြင်တွေ့ရတယ်။ လမ်းမှားကြမဲ့ လူငယ်တွေလည်း အများကြီးတွေ့တယ်။

ပြီးတော့ လူကြီးတွေသာမက အရွယ်ပေါင်းစုံက စိတ်ဓာတ်ကျတာ ဖြစ်လာကြမယ်လို့ တွေးမိတယ်ပေါ့နော်။ ကိုယ့်စိတ်ကိုယ် နိုင်ရင်တော့ တမျိုး၊ မနိုင်ရင်တော့ သတ်သေတာတွေလည်း ဖြစ်လာနိုင်တယ် ဆိုတာမျိုးတွေလည်း တွေးမိတယ်ပေါ့။ ပြီးတော့ သူတို့နဲ့အတူတူနေတဲ့အချိန် သူတို့ အနားယူတဲ့အချိန် သူတို့ရင်ဖွင့်တဲ့အချိန် သူတို့ ပျော်တဲ့အချိန်ကို ကြည့်လိုက်မယ်ဆိုရင် ဂစ်တာတီး သီချင်းဆို ဝိုင်းဖွဲ့စကားပြော အဲလိုအချိန်ဖြစ်နေတာ များတယ်ပေါ့။ စစ်ရှောင်စခန်းတခုမှာ ကိုယ်ကိုယ်တိုင်က တူရိယာတချို့ကို သွားသင်ပေးရင်း ဂစ်တာတချို့ကို သွားသင်ပေးရင်း  စစ်ရှောင်စခန်းတခုမှာ သူတို့နဲ့စကားပြောဖြစ် သူတို့နဲ့ ဘုရားသီချင်းတွေဆို ဂစ်တာတူတူတီးတော့ သူတို့ဆီကနေ ငိုပြီး ရင်ဖွင့်တဲ့အသံတွေ ကြားရတယ်ပေါ့။ ပြီးတော့မှ မမျှော်လင့်ဘဲနဲ့ သူတို့ရဲ့ စကားသံတွေ နားထောင်ခဲ့ရတယ်ပေါ့။ အဲ့ကနေပြီးတော့ ပိုခိုင်လုံတဲ့ အကြောင်းပြချက် ဖြစ်သွားတာပေါ့။ အော် ဂီတက လူတွေအများကြီး လုပ်ပေးနိုင်ပါလား၊ လူတွေရဲ့ စိတ်ခံစားချက်တွေကို ပေါက်ထွက်ဖို့အတွက် အများကြီး အခွင့်အလမ်း ပေးတာပါလား ဆိုတဲ့ဟာမျိုးတွေ ခိုင်မာသွားတဲ့အခါကျတော့ ဒီဟာကို စပြီးတော့ လုပ်ဖြစ်ခဲ့တယ် ပြောရမှာပေါ့။”

မြေပြင်ဆေးရုံနှင့် ဗုံးခိုကျင်းထဲက မေ့ဖျောက်လို့ မရသေးတဲ့ သွေးညှီနံ့နဲ့ အိပ်မက်ဆိုးများ

အဓိကကတော့ ဗုံးထိ၊ လေယာဉ်ထိ အဲ့လိုမျိုး လူနာတွေနဲ့ ထိတွေ့ရတာ များတယ်။ သူတို့နဲ့ ထိတွေ့ရတဲ့အခါမှာ ကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာမှာ အများကြီး အားလျော့လာတာတွေ ဖြစ်တယ်။ အဲလိုမျိုးတွေရှိတယ်။ ပြီးတော့ စစ်ရှောင်တွေနဲ့ အလုပ်လုပ်တဲ့အခါမှာလည်း စစ်ရှောင်တွေက စားဝတ်နေရေး ခက်ခဲလာတာတွေ ကိုယ်ကိုယ်တိုင် အများကြီး ကြုံတွေ့မြင်တွေ့ သူတို့နဲ့ထပ်တူ ခံစားခဲ့ရတဲ့ အခိုက်အတန့်တွေလည်း အများကြီးရှိတယ်။ အိပ်ဖို့နေရာ အဆင်မပြေ မိုးရွာတဲ့အခါမှာ တဲတွေကပြို၊ လေတိုက် တဲတွေကပါ၊ ရေကြီးတော့ တဲတွေကပါ၊ အခက်အခဲအများကြီးပဲ။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းက မရှိတဲ့အခါကျတော့ မိသားစုကို ပြန်ထောက်ပံ့ဖို့ဆိုရင် တချို့လူငယ်တွေက အသက်မပြည့်ဘဲ အလုပ်တွေ မှောင်ခိုလုပ်ကြတယ်။ တချို့လူငယ်တွေက မူးယစ်ဆေးသားကောင်တွေ ဖြစ်ကြတယ် ဆိုတဲ့ဟာမျိုးတွေလည်း လူငယ်အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရင်း အဲဒါတွေလည်း အများကြီး တွေ့လာရတယ်ပေါ့။

အဓိကတော့ အမှတ်တရတွေဆိုရင်တော့ ဆိုးတဲ့ဟာတွေက ပိုများမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်လည်း ဗုံးခိုကျင်းထဲမှာ အကုန်လုံး ငိုယိုနေတဲ့ အဖြစ်အပျက်တွေ၊ ဗုံးခိုကျင်းထဲမှာ ကိုယ့်ပေါ်တည့်တည့်ကျရင်တော့ ဘယ်သူမဆို သေမှာပဲ မခိုင်ဘူးပေါ့နော်။ အဲ့မှာ အကုန်လုံး ဝိုင်းပြီးတော့ အချင်းချင်း ဖက်ပြီးတော့ ငိုကြတဲ့ အခိုက်အတန့်တွေလည်း တွေ့တယ်ပေါ့။ ဆေးရုံမှာလုပ်တဲ့ အချိန်ဆိုရင်လည်း ရဲဘော်တွေက ဒဏ်ရာတွေ အကြီးအကျယ်နဲ့ ရောက်လာတယ်ဆိုရင် သွေးထွက်သံယို မြင်ကွင်းတွေပေါ့။ အဲ့က ရလာတဲ့ သွေးညှီနံ့တွေဆိုရင် အခုထက်ထိ ရနေတုန်းပဲ ဆိုတဲ့ဟာမျိုးတွေ အဲ့လောက်ထိ ဖြစ်သွားတယ်။ အိပ်မက်ဆိုးတွေ အခုထက်ထိမက်တယ်ဆိုတဲ့ ဟာမျိုးတွေ။ ပြီးတော့ ခရီးသွားရင်းလာရင်း စနိုက်ပါနဲ့ လမ်းမှာ အပစ်ခံရတာတွေ လက်နက်ကြီးနဲ့ လှမ်းထုတာတွေ လေယာဉ်နဲ့ ဗုံးကြဲတာတွေ အဲဒါတွေက ပိုများနေတယ်ပေါ့။ ကောင်းတဲ့ဟာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကြုံရတာက ပိုများနေတာပေါ့။”

လက်တွေ့ဘဝ မြေပြင်က စိန်ခေါ်မှုများ

ကျောင်းစဖွင့်တော့ ကျမရဲ့အတွေးက စိတ်ပိုင်းဆိုင်ရာအတွက်ရော လေလွင့်သွားတဲ့ လူငယ်တွေအတွက်ရော မိဘပြည်သူတွေအတွက်ရော ကလေးတွေအတွက်ရော အထောက်အကူပြုအောင် ဒီ ဂီတကျောင်းကို ဖွင့်မယ်လို့ စဉ်းစားထားတယ်ပေါ့။ ဒါပေမဲ့ ကျမရဲ့ အတွေးက တခြားသူတွေနဲ့ တူမနေတဲ့ အခါကျတော့ နည်းနည်းပါးပါး ပြန်ပြီးတော့ ယှဉ်တိုက်ခိုက်ရတာတွေ ရှိတယ်။ အတွေးအခေါ်ချင်းမတူတဲ့ အခါကျတော့ စကားပြောရတာ အဓိက လူကြီးပိုင်းရော လူငယ်ပိုင်းရော စကားပြောရတာတွေ များတယ်ပေါ့။

ပြီးတော့ ဘတ်ဂျက်ပိုင်းပေါ့။ ဒီကျောင်းဆောက်လုပ်ဖို့အတွက်ဆိုရင် ပိုက်ဆံလိုတယ်၊ အလှူငွေက ရှာရခက်တာမျိုး၊ ဂီတသင်ဖို့အတွက်ဆို မပေးဘူး၊ တခြားတခုခုပါမှ ပေးမယ်ဆိုတာမျိုး ဘတ်ဂျက်ပိုင်းဆိုင်ရာမှာ ထပ်တူညီမျှမှု မရှိဘူးပေါ့။ အဓိက ရုန်းရတာတွေက အဲဒါမျိုးတွေ ဖြစ်မယ်။ စိန်ခေါ်မှုကတော့ အများကြီးရှိတယ်။

အဓိကက ဒီသင်တန်းကျောင်းတခု ဖြစ်မြောက်အောင်မြင်ဖို့ကလည်း မလွယ်ဘူးပေါ့။ အဘက်ဘက်ကနေ ပစ္စည်းခတွေကလည်း များတယ်။ ပိုပြီးဆိုးတာက လုံခြုံရေးပေါ့နော်၊ ကျောင်းသူ ကျောင်းသား အယောက် ၅၀ လောက် ကြည့်ရတယ်ဆိုတာက ဒါက မလွယ်ကူဘူး။ စစ်ဖြစ်တဲ့ဒေသမှာ ဒီလိုမျိုးလုပ်တာက အရမ်းကို risk များတယ်ပေါ့။ ပြီးတော့ ဒီကျောင်းသူ ကျောင်းသားတွေကို ဒီ ၆ လမှာပဲ ပြီးသွားတာမျိုး မဟုတ်ဘဲနဲ့ ၆ လပြီးရင် သူတို့ ဘာတွေ ဆက်လုပ်လို့ရနိုင်လဲ၊ သူတို့ ဘာတွေ လုပ်နေကြလဲ၊ သူတို့အတွက် နောက်ထပ် အခွင့်အလမ်းတွေက ဘာတွေရှိမလဲ ဆိုတဲ့ဟာမျိုးတွေကို ပြန်စဉ်းစားရတယ်ပေါ့။ အဲဒါက အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်မယ်။

ဂီတကြောင့် အိပ်မက်များ ပြန်ရှာတွေ့လာသည့် လူငယ်များ

ဂီတကို စိတ်ဝင်စားလို့ လာတက်ကြတာရှိတယ်။ တချို့ကျတော့လည်း တကယ်ပါရမီပါလို့ တကယ်လုပ်ချင်လို့ လာတက်ကြတာရှိတယ်။ တချို့ကျတော့လည်း သူတို့က ဒါကို အရင်ကတည်းက အရမ်းလုပ်ချင်ခဲ့တယ်၊ ဒါပေမဲ့ လုပ်ခွင့်မရခဲ့ဘူး၊ အခွင့်အရေးလည်း မရခဲ့ဘူး။ ဒါပေမဲ့ အခုမှ သူတို့အတွက် အခွင့်အရေးပေါ်လာတော့ ဒါကို အမိအရ လိုချင်လို့ ရအောင်လာတက်တဲ့ လူတွေလည်း ရှိတယ်ပေါ့။ တချို့ကျောင်းသူကျောင်းသားတွေကျတော့ သူတို့က အရမ်းလုပ်ချင်တယ်ပေါ့။ ဒါပေမဲ့ လုပ်ခွင့်မရခဲ့ဘူးပေါ့။ မိဘတွေက အထောက်အပံ့ပေးဖို့ အတွက်လည်း အဆင်မပြေဘူး။ ဒီခေတ်ကာလမှာဆို ပိုဆိုးတယ်။ ဒါပေမဲ့ သူတို့အတွက် ဒါက talent ပြောရမှာပေါ့ မွေးရာပါကိုမှ ပါရမီပါလာပြီးသား လူမျိုးတွေ ရှိတယ်ပေါ့။ သူတို့က သင်ယူမှုလည်းရှိတယ်၊ သင်လည်း သင်ယူနိုင်တယ်။ ဟိုးစစလာတုန်းက ပုံစံနဲ့စာရင် အခုပုံစံက အများကြီး ပြောင်းလဲသွားတာမျိုးပေါ့။ အများကြီး ပိုသိလာတယ် ပိုတတ်တယ်။ နေရာလည်း ပိုရလာတဲ့ သူတွေလည်း သူတို့ကို ပိုမြင်လာကြတယ်။ သူတို့ စိတ်ပိုင်းဆိုင်ရာတွေလည်း အများကြီး ထူးခြားပြောင်းလဲမှုရှိတယ်။ သူတို့အိပ်မက်တွေကိုလည်း ပြန်ရှာတွေ့ကြတယ် ဆိုတဲ့ဟာမျိုးကိုလည်း တွေ့ရတယ်ပေါ့။ သင်တန်းကျောင်းမှာ အဓိကကတော့ ဂစ်တာ၊ ကီးဘုတ်၊ စန္ဒရား၊ တယော အဲဒါတွေသင်တယ်၊ ဂီတ သီအိုရီတွေလည်း သင်တယ်။ အသက်တော့ ကန့်သတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးကြောင့်ပေါ့။ အရမ်းငယ်ရင် တာဝန်မယူနိုင်ဘူး။ ဆယ်ကျော်သက်တွေပေါ့၊ အသက်အပိုင်းအခြားက ၁၆ နှစ်ကနေ ၂၅ နှစ်အတွင်းပေါ့။

ရိုးရာကုထုံး ဂီတကုစားမှု

ဂီတနဲ့ ကုစားတယ် ဆိုတာကတော့ ဟိုး ဘိုးဘွားဘီဘင်ကတည်းက ရှိတယ်။ ရိုးရာ တူရိယာတွေနဲ့ အပင်အောက်တွေမှာ သွားထိုင်ပြီးတော့ ပျော်ရင် ပျော်တဲ့သီချင်းတွေကို ဆိုကြတယ်၊ ဝမ်းနည်းရင် ဝမ်းနည်းတဲ့သီချင်းတွေ ဆိုကြတယ်၊ ဒါတွေကတော့ အများကြီး ရှိနှင့်ခဲ့ပြီးပြီ။ ဒါပေမဲ့ သူတို့က အဲဒါကို တကူးတကကြီး နာမည်တပ်ပြီး မဖော်ကြတာပဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာဆိုရင်လည်း စိတ်ကုထုံးအတွက် ဂီတကို အသုံးပြုမယ် ဆိုတဲ့ဟာမျိုးတွေ လုပ်တာကတော့ မရှိသေးဘူးပေါ့။ ကျမတို့ရဲ့ ဒေသမှာတော့ မရှိသေးဘူး။ ဒီဘက်မှာက ကုသတယ်ဆိုတာထက် သူတို့ဟာ သူတို့ စိတ်ညစ်ရင် ဂီတာတီးလိုက်မယ်၊ သူတို့က အဲလိုမျိုးပဲ ပြောကြတာများတယ်ပေါ့။ အဓိက နာမည်တပ်ပြီးတော့ လုပ်ကြတာ မရှိသေးဘူးပေါ့။

ရုန်းကန်နေရဆဲ ဂီတကျောင်းတော်နှင့် အနာဂတ်မျှော်လင့်ချက်

ကျမတို့ လောလောဆယ် လုပ်နိုင်တာက အရမ်းနည်းတယ်ဆိုတော့ အများကြီးတော့ plan မစဉ်းစားနိုင်သေးဘူး။ ကျမတို့ ကရင်နီဘက်မှာတောင် အကုန်လုံး cover မဖြစ်နိုင်သေးဘူး။ cover မလုပ်ပေးနိုင်သေးဘူး။ ဒီတနေရာလေး ရှိတာတောင် မနည်းရုန်းရတဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ်ပေါ့။ တကယ်လို့သာ အခြေအနေပေးလို့ လုပ်ပေးနိုင်တယ်ဆိုရင် အွန်လိုင်းကတော့ နည်းနည်းတော့ ခက်ခဲနိုင်တယ်။ ဘာလို့လဲဆိုတော့ ဂီတက အွန်လိုင်းကနေသင်ရင် ထိရောက်မှုက နည်းပါးတယ်ပေါ့။ ကိုယ်သာ ထပ်ပြီးတော့ လုပ်ခွင့်ရမယ်၊ လုပ်နိုင်မဲ့တခုခု ရနိုင်မယ်ဆိုရင် တခြားဒေသဘက်ကို ကိုယ်တိုင်သွားပြီးတော့ သွားလုပ်ပေးချင်တဲ့ ဟာမျိုးတွေ ရှိတယ်။ သူတို့ဘက်ကို ပြန်ပြီးတော့ sharing လုပ်ပေးချင်တာတွေ ရှိတယ်။ တလ ၂ လလောက် သွားနေမလား၊ ဒါမှမဟုတ်ရင်လည်း အဲ့ဘက်မှာ သင်တန်းတခု ဖွင့်ဖို့အတွက် နေရာလုပ်ထားခဲ့ပေးလိုက်မလား၊  အဲလိုမျိုးတွေ လုပ်ပေးချင်တာမျိုးတွေ အများကြီးရှိပါတယ်။

စိတ်ဒဏ်ရာကို ဂီတဖြင့် ကုစားရင်း ကလေးငယ်များ၏ အနာဂတ်အိပ်မက်ကို ပုံဖော်လိုသူ

၅၀ ရာခိုင်နှုန်းလောက်ကတော့ ထပ်တူကျပြီထင်ပါတယ်။ တချို့ ကျန်ပါသေးတယ်။ လုပ်ပေးနိုင်တဲ့အရာက နည်းလို့ပါ၊ ဒီထက်မက လုပ်ပေးနိုင်ရင်တော့ ပိုပြီးတော့ ထပ်တူကျမယ်လို့ ထင်ပါတယ်။ သူတို့ ဒါကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားစေချင်တယ်။ ပြီးတော့ နောက်တခုက ကိုယ့်ခံစားချက်ကို ဖော်ထုတ်နိုင်စေချင်တယ်။ သူများတွေကို ပြောလို့မရလို့ ကိုယ့်ဘာသာကိုယ် မျိုသိပ်ထားပြီး ထရော်မာတွေ ရနေတာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်မှာလည်း တခြား coping လုပ်လို့ရတဲ့ စကေးတွေ ရှိတယ်ဆိုတဲ့ဟာမျိုး ဒီကနေ ဖော်ထုတ်လို့ရတယ် ဆိုတဲ့ဟာမျိုးကိုလည်း သူတို့ကို ပိုပြီးတော့ သိသွားစေချင်တယ်။ ပတ်ဝန်းကျင်ကိုလည်း ပြန်ပေးနိုင်တဲ့သူလိုမျိုးပေါ့ အဲ့လိုမျိုး ဖြစ်စေချင်တာပေါ့။

၅ နှစ်တာ တော်လှန်ရေးအပေါ် ခံယူချက်နှင့် မြေပြင်က အမျိုးသမီးထု၏ ရဲရင့်သော အားမာန်

တော်လှန်ရေးမှာက ကိုယ်နိုင်တဲ့ဘက်ကနေပြီးတော့ စတင်လို့ရတယ်။ တခါတလေကျရင် အများကြီးလုပ်နိုင်မှ တော်လှန်ရေးပါဝင်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ဘာလုပ်နိုင်လဲ၊ ကိုယ်လုပ်နိုင်တာကနေ စပြီးတော့ သွားလို့ရတယ်ပေါ့။ သူတို့ စကစတွေ မျှော်လင့်ထားသလိုမျိုး သူတို့က အကုန်လုံးယူသွားနိုင်တယ်။ ကျမတို့ရဲ့ အိုးအိမ်တွေ ကျမတို့ရဲ့ အိပ်မက်တွေ ကျမတို့ရဲ့ ဘဝတွေ အကုန်လုံး သူတို့ ယူသွားနိုင်တယ်။ ဒါပေမဲ့ ကျမတို့ရဲ့စိတ်ထားကိုတော့ သူတို့ မယူသွားနိုင်ဘူး ဆိုတာတော့ ကျမ ယုံကြည်တယ်။ အဓိက စိတ်ထားတွေးခေါ်တာက ကျမတို့ အပေါ်မှာပဲ မူတည်တယ်လို့ ကျမ မြင်တယ်ပေါ့။ အကုန်လုံး သူတို့ယူသွားနိုင်ပေမဲ့ ကျမတို့မှာ Resilience (ကြံ့ကြံ့ခံနိုင်စွမ်း) ရှိရှိ ဆက်ပြီး ရှင်သန်လို့ရတယ် ရှင်သန်နိုင်တယ်။ ဒီတော်လှန်ရေးကိုလည်း အများကြီး အားဖြစ်စေမယ်။ တော်လှန်ရေး အရွေ့တခုကိုလည်း ပိုရောက်နိုင်စေမယ်။ အဓိကတော့ စိတ်ဆောင်ရင် ဖြစ်တယ်ဆိုတဲ့ဟာမျိုးကို ကျမတွေးမိထားတာ ရှိတယ်ပေါ့။ ကိုယ်ဖြစ်ချင်တာကိုတော့ လုပ်ခွင့်ရစေချင်တယ်၊ အဲလိုမျိုး အားပေးချင်တာပါ။ လုပ်ကြည့်ခိုင်းစေချင်တယ်။ အဓိကက သန်မာစေချင်တယ်။ အမျိုးသမီးမို့လို့ အားလျော့နေတာမျိုး မဟုတ်ဘဲနဲ့ သန်မာတယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆရာမ အခုတော့ Sorry ပါ လေယာဉ်လာလို့ မီးခဏပိတ်လိုက်မယ်နော်။

ဒီဂျူလိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013