ဟိမဝန္တာတောင်တန်းဒေသက မြစ်ထဲကို ရွှံ့နဲ့ ကျောက်တုံးတွေ ပြိုကျအပြီး ရုတ်တရက် ရေကြီးရေလျှံပြီးတဲ့နောက် နီပေါနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသမှာ နိုင်ငံခြားသား ၇၀၀ ကျော် အပါအဝင် လူပေါင်း ၁,၅၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ နီပေါအာဏာပိုင်တွေက ဩဂုတ် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကပ်ဘေးကြောင့် တိဘက်ဒေသရဲ့ မြို့တော် လာဆာမြို့နဲ့ နီပေါနိုင်ငံရဲ့မြို့တော် ခတ္တမန္ဒူမြို့ကို ဆက်သွယ်ထားတဲ့ လမ်းတလမ်း ပြိုကျခဲ့တာပါ။
နီပေါနိုင်ငံက ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖို့နဲ့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ပေးဖို့ ရဟတ်ယာဉ်တွေကို သုံးခဲ့ကြပါတယ်။ သေဆုံးသူဦးရေ ၁၆၅ ယောက်ထက် ကျော်လွန်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
အစောပိုင်း ဘေးအန္တရာယ်ဖြစ်အပြီး ၂၂ နာရီလောက် အကြာမှာ တရုတ်အရေးပေါ်တုံ့ပြန်သူတွေဟာ တရုတ်-နီပေါ ကုန်သွယ်မှုရဲ့ သုံးပုံတပုံနီးပါးကို ကိုင်တွယ်ဖြေရှင်းပေးပြီး အပြင်းအထန် ထိခိုက်ခဲ့တဲ့ ဂျီရောင်း နယ်စပ်ဖြတ်ကူးရေးစခန်းဆီ ရောက်လာပါတယ်။
ကယ်ဆယ်ရေးသမား ၁၄၁ ယောက်ပါတဲ့ ပထမအသုတ်က Mi-171 ရဟတ်ယာဉ်နဲ့အတူ ရောက်လာခဲ့တာပါ။
နယ်စပ်ဒေသက တခြား အရေးပါတဲ့ ကုန်သွယ်ရေးအခြေခံအဆောက်အအုံတွေ ပျက်စီးသွားလို့ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ဆောင်မှုတွေ ကာလကြာရှည် ရပ်သွားနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
နီပေါဘက်က ပျောက်ဆုံးနေသူ ၈၂၆ ယောက်ထဲမှာ နိုင်ငံခြားသား ၅၀၀ နီးပါး ပါတယ်လို့ ရဲတပ်ဖွဲ့နဲ့ ခရီးသွားလုပ်ငန်း အရာရှိတွေက ပြောပါတယ်။
နိုင်ငံပေါင်း ၂၀ ကျော်က ပျောက်နေတဲ့ ခရီးသည်တွေထဲမှာ အိန္ဒိယက ၁၇၇ ယောက်၊ အမေရိကန်က ၆၃ ယောက်၊ သြစတြေးလျက ၃၄ ယောက်၊ ဗြိတိန်က ၃၃ ယောက်နဲ့ ကနေဒါက ၂၅ ယောက်တို့ ပါပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသား ၅၅ ယောက်ကို ဆက်သွယ်လို့ မရပေမဲ့ သေဆုံးသူအရေအတွက်ကို တရားဝင်အတည်ပြုချက် မရှိသေးဘူးလို့ ပြောပါတယ်။
အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ခရိုင်တွေမှာ ရဟတ်ယာဉ်တွေက အိမ်နီးချင်း အိန္ဒိယကနေ ထောက်ပံ့ပေးတဲ့ တဲတွေ၊ အစားအစာတွေနဲ့ တခြား အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေကို ချထားပေးနေတယ်လို့ နီပေါစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဂျာ ရမ် ဘက်စ်နက်က ပြောပါတယ်။
ကြာသပတေးနေ့မှာ နိုင်ငံခြားသား ၂၀ အပါအဝင် လူ ၁၂၅ ယောက်ကို ကယ်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးဝန်ထမ်း ၅,၀၀၀ ကျော် ပါခဲ့တယ်လို့ သူက ပြောပါတယ်။
နီပေါဝန်ကြီးချုပ် ဘာလန်ဒြာရှားက အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ နူဝါကော့တ် ခရိုင်တွေထဲက တခုမှာ ရေကြီးမှုအခြေအနေကို အကဲဖြတ်ဖို့ ကားလမ်းကနေ ထွက်သွားတယ်လို့ နီပါဝန်ကြီးချုပ်ရုံးက လူမှုမီဒီယာမှာ ပြောပါတယ်။











