
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီမှုသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ တာဝန်ခံမှုရှိစေရေးအတွက် တရားစွဲဆို အရေးယူမှုကသာ ၎င်းကို ပြန်လည်အသက်သွင်းနိုင်မည် ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်နိုင်သည်။
လွန်ခဲ့သော ငါးနှစ်ကျော်က အာဆီယံသည် မြန်မာပြည်သူများအတွက် အစီအစဉ်တရပ်ကို ကတိပြုခဲ့သည်။ ထိုအစီအစဉ်တွင် အချက်ငါးချက် ပါဝင်ခဲ့သည်။ ၎င်းတို့မှာ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးညှိနှိုင်းရေး၊ အထူးကိုယ်စားလှယ်တဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရေးတို့ ဖြစ်သည်။ မင်းအောင်လှိုင်သည် ဂျကာတာမြို့တွင် ကျင်းပခဲ့သော အစည်းအဝေး၌ စားပွဲဝိုင်းတွင် ထိုင်ကာ ယင်းအချက်များကို သဘောတူခဲ့သည်။ သို့သော် နေရပ်သို့ ပြန်ရောက်သည့်အခါ ၎င်းသဘောတူညီချက်ကို လျစ်လျူရှုခဲ့သည်။
ရလဒ်မှာ ရှင်းလင်းလှသည်။ သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဆွေးနွေး ညှိနှိုင်းမှုများလည်း မည်သည့်အခါမျှ စတင်နိုင်ခဲ့ခြင်း မရှိပေ။ အကူအညီများကို ပိတ်ဆို့ထားခြင်း သို့မဟုတ် ခိုးယူသိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ အချက်ငါးချက်ပါ သဘောတူညီချက်သည် ကံမကောင်းမှုကြောင့် ကျဆုံးသွားခဲ့ခြင်း မဟုတ်ပါ။ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူတဦးအား မိမိကိုယ်တိုင် မိမိ၏လုပ်ရပ်များကို ထိန်းချုပ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။
ယခုသီတင်းပတ်တွင် မနီလာမြို့ရှိ အယူခံတရားရုံး၌ မတူညီသော အယူအဆတရပ်ကို ကျွန်ုပ်တို့ စမ်းသပ်သွားမည် ဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်က မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ အသက်ရှင်လွတ်မြောက်လာသူ ငါးဦးသည် ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနသို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစောင် တင်သွင်းခဲ့ကြသည်။ ၎င်းတို့သည် မင်းအောင်လှိုင် အပါအဝင် စစ်အာဏာသိမ်းအဖွဲ့ဝင် ဆယ်ဦးကို စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ ထိုရာဇဝတ်မှုများတွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ရုပ်အလောင်းများကို ကိုယ်အင်္ဂါဖြတ်တောက်ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ဘုရားကျောင်းများကို ဖျက်ဆီးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ပွဲဆင်နွှဲရာတွင် လက်နက်သဖွယ် အသုံးပြုခြင်းတို့ ပါဝင်သည်။ တိုင်ကြားသူတဦးမှာ ဦးရယ်လ်တူး (Pu Ral Tu) ၏ သမီးဖြစ်သည်။ ဦးရယ်လ်တူးသည် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဝါရင့် သင်းထောက် ခေါင်းဆောင်တဦးဖြစ်ပြီး စစ်အာဏာသိမ်း အဖွဲ့က အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးမှုဖြင့် ဖျက်ဆီးခဲ့သော ထန်တလန်မြို့သို့ ဆေးဝါးများ သယ်ဆောင်သွားစဉ် ပစ်သတ်ခံခဲ့ရသည်။ အခြား တိုင်ကြားသူတဦးမှာ သင်းအုပ်ဆရာ ကျူံးဗျက်ဟုမ်း၏ ဦးလေးဖြစ်သည်။ စစ်သားများက တမြို့လုံးကို မီးတင်ရှို့နေစဉ် ၎င်းတို့ မီးရှို့ထားသော မီးများကို ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သည့်အတွက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ၎င်း၏ရုပ်အလောင်းသည် ကိုယ်အင်္ဂါ ဖြတ်တောက် ဖျက်ဆီးခဲ့သည်။
သုံးနှစ်ကြာသည့်တိုင် ၎င်းတို့သည် အဖြေကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ ယင်းသည် ဥပဒေရေးရာ အခက်အခဲတခု မဟုတ်ပါ။ ၎င်းသည် နိုင်ငံရေးဆန္ဒ မရှိခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်ကွက်မှုတရပ် ဖြစ်သည်။
၎င်းတို့၏ရှေ့နေများဖြစ်ကြသော ရိုမယ်လ် ဘာဂါရက်စ်နှင့် ဂီလ်ဘတ် အန်ဒရက်စ်တို့သည် ယခုအခါ ၎င်းတို့ကိုယ်စား အယူခံဝင်နေကြပြီဖြစ်သည်။ ဥပဒေမှာ ရှင်းလင်းသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law Act) အရ စစ်ရာဇဝတ်မှုများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်ပင် ကျူးလွန်ခဲ့သည်ဖြစ်စေ သက်ဆိုင်ရာ အာဏာပိုင်များထံ မှန်ကန်စွာ အသိပေး တင်ပြပြီးပါက ထိုအာဏာပိုင်များသည် ယင်းရာဇဝတ်မှုများကို တရားစွဲဆို အရေးယူရန် တာဝန်ရှိသည်။
သားကောင်များသည် ဖိလစ်ပိုင်နိုင်ငံသားများ မဟုတ်ကြခြင်းသည် အရေးမကြီးပါ။ ရာဇဝတ်မှုများသည် ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းသည်လည်း အရေးမကြီးပါ။ အလားတူ ဥပဒေပြဋ္ဌာန်းချက်ကို ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအပေါ် အရေးယူရာတွင်လည်း အသုံးပြုခဲ့သည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယခုအခါ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့တွင် တရားစီရင်ခံနေရသည်။ အကယ်၍ ထိုဥပဒေသည် ဒူတာတေးအပေါ် သက်ရောက်နိုင်ပါက အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို နိုင်ငံတော်အဖွဲ့အစည်း၏ လုပ်ငန်းအဆင့်အထိ စနစ်တကျနှင့် အကြီးအကျယ် ကျူးလွန်နေသော တပ်ဖွဲ့များကို ဦးဆောင်သည့် နိုင်ငံခြားစစ်ဗိုလ်ချုပ်တဦးအပေါ်လည်း သက်ရောက်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယင်းသည် စံနှုန်းနှစ်မျိုးထားရှိခြင်းသာ ဖြစ်လိမ့်မည်။
ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ဆိုသည်မှာ လက်တွေ့မကျသော အတွေးအခေါ် သဘောတရားတခု မဟုတ်ပါ။ ၎င်းသည် အချို့သော ရာဇဝတ်မှုများသည် အလွန်ပြင်းထန်ဆိုးရွားသဖြင့် ထိုရာဇဝတ်မှုများကို ကျူးလွန်သူများအား မည်သည့်နိုင်ငံ နယ်နိမိတ်ကမျှ အကာအကွယ်ပေးထား၍ မရနိုင်ကြောင်း သတ်မှတ်ထားသည့် မူတရပ် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှင်သန်လွတ်မြောက်လာသူများအတွက် ယင်းသည် တရားမျှတမှု ရရှိရန် ယခုအချိန်အထိ ပိတ်ပင်ခံထားရသော တခုတည်းသော မျှော်လင့်ချက်တံခါးပေါက် ဖြစ်သည်။
တချိန်တည်းမှာပင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်နေသည့် အာဆီယံ၏ မူဝါဒသည် အဖိုးအခ အကျိုးဆက်များ ရှိနေပြီး ဒေသတွင်းနိုင်ငံများသည် ထိုအဖိုးအခကို ပေးဆပ်နေရပြီ ဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုစင်တာများကို ကြည့်ပါ။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တည်ရှိသော စက်မှုဇုန်လုပ်ငန်းပုံစံ လိမ်လည်မှုစင်တာဝင်းများအတွင်း လူပေါင်း သောင်းနှင့်ချီ၍ ပိတ်လှောင်ထားခြင်း ခံနေရသည်။ ၎င်းတို့အနက် အများအပြားမှာ အာရှဒေသတဝန်းနှင့် အခြားဒေသများမှ လူကုန်ကူးခံရသူများဖြစ်ကြပြီး ကမ္ဘာတဝန်းရှိ သူစိမ်းများကို လိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံနေရသည်။ ဤဥပဒေမဲ့အခြေအနေများမှ စစ်အာဏာသိမ်းအဖွဲ့နှင့် ၎င်း ၏မဟာမိတ် ပြည်သူ့စစ်အဖွဲ့များ အကျိုးအမြတ် ရရှိနေပြီး ၎င်းတို့ဒေသများတွင် ယင်းလုပ်ငန်းများ ကြီးထွားလာကြသည်။ ဤသည်မှာ မြန်မာနိုင်ငံတနိုင်ငံတည်း၏ ပြဿနာ မဟုတ်ပါ။ ထိုလိမ်လည်မှုများ၏ သားကောင်များသည် သင်တို့၏နိုင်ငံများမှ ဖြစ်ကြပြီး ၎င်းတို့၏ ငွေကြေးများသည် သင်တို့၏ဘဏ်များမှတဆင့် စီးဆင်းနေကြခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးများကို ကြည့်ပါ။ မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာ့ ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာပြီး ၎င်း၏ ဓာတုမူးယစ်ဆေးဝါး ကုန်သွယ်မှုသည် အရှေ့တောင်အာရှ တဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသည်။ အုပ်ချုပ်ရေးစနစ် ပျက်ယွင်းသွားခြင်းနှင့် ပဋိပက္ခများ နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်လာသော လူကုန်ကူးမှုများကိုလည်း ကြည့်ပါ။ ဒုက္ခသည်များ၏ အခြေအနေကိုလည်းကြည့်ပါ။ ၂၀၁၇ ခုနှစ်တွင် သိန်းနှင့်ချီ၍ နေရပ်မှ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရသော ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ယနေ့တိုင် ဒုက္ခရောက်နေကြဆဲ ဖြစ်သည်။ ချင်းလူမျိုး သောင်းနှင့်ချီ၍ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ စစ်ရေးထိုးစစ်အသစ်တခု ဖြစ်ပွားတိုင်း အပြစ်မဲ့ပြည်သူများ ပိုမိုများပြားစွာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရပြီး အိမ်နီးချင်းနိုင်ငံများ၏ အစိုးရများသည် ထိုလူများနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးရမည့် အခြေအနေသို့ ရောက်ရှိလာကြမည် ဖြစ်သည်။
ပြန်လည်ထိတွေ့ဆက်ဆံခြင်းသည် ရာဇဝတ်မှုများ ကျူးလွန်နေသော အာဏာရှင်အစိုးရ တရပ်ကို ထိန်းကျောင်းနိုင်စေခြင်း မရှိပါ။ ၎င်းအစား ၎င်းကို ပိုမိုကြီးထွားလာစေရန် ခွင့်ပြုနေခြင်းသာ ဖြစ်သည်။ လက်ဆွဲနှုတ်ဆက်မှုတိုင်းက ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ခြင်းအတွက် တာဝန်ယူပေးဆပ်ရန် မရှိကြောင်းနှင့် ဒေသတွင်း၏ အမြင့်ဆုံး စားပွဲဝိုင်းများတွင် ၎င်းတို့အတွက် နေရာတနေရာ အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များအား အသိပေးနေသကဲ့သို့ ဖြစ်နေပေသည်။ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးထားခြင်းသည် တည်ငြိမ်သော မူဝါဒတရပ် မဟုတ်ပါ။ ၎င်းသည် အကျိုးအမြတ်မရနိုင်သော စီးပွားရေးပုံစံတခုကဲ့သို့ ဖြစ်ပြီး အာဆီယံက ထိုပုံစံကို ငွေကြေးနှင့် နိုင်ငံရေးအရ ပံ့ပိုးပေးနေခြင်း ဖြစ်သည်။
ဖယ်ကြဉ်ထားခြင်းသည် တခုတည်းသော အခြားရွေးချယ်စရာ မဟုတ်ပါ။ တာဝန်ခံမှု ရှိစေရေးသည်သာလျှင် ဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုများနှင့် ကြေညာချက်များ ထုတ်ပြန်ခြင်းတို့၏ အခန်းကဏ္ဍသည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက်မှုများကို ဦးဆောင်စီစဉ် ဖန်တီးနေသူများအား ထိုအကြမ်းဖက်မှုများကို အဆုံးသတ်ရန် တောင်းဆိုနေသည့် စိတ်ရှည်သည်းခံသော သံတမန်ရေးရာ ကြိုးပမ်းမှုများ၏ အခန်းကဏ္ဍလည်း အဆုံးသတ်သင့်ပြီ ဖြစ်သည်။ ဤအရေးနှင့် ပတ်သက်သော ဆွေးနွေးငြင်းခုံမှုများတွင် မေးမြန်းရန် ပျက်ကွက်နေခဲ့သည့် မေးခွန်းတခုမှာ ထိုရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အမှန်တကယ် မည်သို့ တရားမျှတမှုနှင့် ရင်ဆိုင်စေနိုင်မည်နည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ပိုင်တရားရုံးများသည် ထိုမေးခွန်းကို စတင်ဖြေဆိုနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ တနိုင်ငံတည်းတွင်သာ မဟုတ်ပါ။ အင်ဒိုနီးရှားနှင့် တီမော-လက်စတေ တို့တွင်လည်း အမှုများသည် ရှေ့ဆက်တိုးတက်လျက်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က စုဆောင်းထားသည့် သက်သေ အထောက်အထားများစွာသည်လည်း အသင့်ရှိပြီးဖြစ်သည်။ မနီလာမြို့ရှိ အစိုးရရှေ့နေတဦးသည် မနက်ဖြန်တွင်ပင် စုံစမ်းစစ်ဆေးမှုတရပ်ကို စတင်နိုင်ပါသည်။ ၎င်းသည် ဖိလစ်ပိုင်အစိုးရနှင့် တရားစီရင်ရေးစနစ်အပေါ် ဝန်ထုပ်ဝန်ပိုး အနည်းငယ်မျှသာ ရှိနိုင်ပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အာဏာပိုင်များကို ကျွန်ုပ်တို့ ပြောလိုသည်မှာ- သင်တို့၌ ဥပဒေရှိသည်။ သင်တို့၌ သက်သေအထောက်အထားများ ရှိသည်။ ၎င်းတို့၏ဘဝတွင် အဆိုးရွားဆုံးသော အဖြစ်အပျက်များကို သင်တို့၏ တရားစီရင်ရေးစနစ်ထံ ယုံကြည်စွာ အပ်နှံထားခဲ့သော အသက်ရှင် လွတ်မြောက်လာသူများလည်း ရှိသည်။ လက်တွေ့စတင်လုပ်ဆောင်ပါ။ ၎င်းတို့သည် သင်တို့နှင့် ယုံကြည်သူ မောင်နှမ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ၎င်းတို့၏ ဘုန်းတော်ကြီးများနှင့် သင်းအုပ်ဆရာများ သတ်ဖြတ်ခံနေရသည်။ ၎င်းတို့၏ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အုံများကို ကောင်းကင်မှ လေကြောင်းတိုက်ခိုက်မှုများဖြင့် ဗုံးကြဲတိုက်ခိုက်နေကြသည်။ ၎င်းတို့၏ ဆုတောင်းသံများကို နားထောင်ပေးပါ။ ၎င်းတို့အပေါ် ကရုဏာထားပေးပါ။
အာဆီယံကို ကျွန်ုပ်တို့ ပြောလိုသည်မှာ- ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ကတိစကားကို တည်မည်ဟု မျှော်လင့်စောင့်စားနေခြင်းကို ရပ်တန့်ပါ။ ၎င်းတို့သည် မည်သည့်အခါမျှ ကတိတည်ကြမည် မဟုတ်ပါ။ တရားရုံးများကို ထောက်ခံပါ။ အသက်ရှင် လွတ်မြောက်လာသူများကို ပံ့ပိုးကူညီပါ။ မင်းအောင်လှိုင်ကို ဆွေးနွေးညှိနှိုင်းရမည့် မိတ်ဖက်တဦးအဖြစ် မဟုတ်ဘဲ သံသယရှိတရားခံတဦးအဖြစ် သဘောထားပါ။
မြန်မာပြည်သူများသည် အကူအညီအပေါ် မှီခိုနေရသည့် အခြေအနေမျိုး သို့မဟုတ် ၎င်းတို့ကို သတ်ဖြတ်နေသူများနှင့် အဆုံးမရှိ ဆွေးနွေးညှိနှိုင်းနေရသည့် အခြေအနေမျိုးကို မလိုလားကြပါ။ ၎င်းတို့သည် ၎င်းတို့၏ နိုင်ငံရေးအခွင့်အရေးများကို အပြည့်အဝ ရရှိလိုကြသည်။ ထိုအခွင့်အရေး များတွင် ၎င်းတို့အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိရေးလည်း ပါဝင်သည်။
ဘုံသဘောတူညီချက်ငါးချက် မအောင်မြင်ခဲ့ပါ။ အချိန်ပိုမိုကြာမြင့်လာခြင်းသည် နောက်ထပ် ကျရှုံးမှုများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ယခု လိုအပ်နေသည်မှာ တရားမျှတမှု ဖြစ်သည်။
ဆလိုင်းဇအုပ်လိန်း နှင့် ခရစ္စတိုဖာဂန်းနက်စ်
(စာရေးသူ Salai Za Uk သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization-CHRO) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။ Chris Gunness သည် မြန်မာနိုင်ငံ တာဝန်ခံမှုစီမံကိန်း (Myanmar Accountability Project-MAP) ၏ ဒါရိုက်တာဖြစ်သည်။)











