
မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲက အုခရူးလ်နဲ့ကမ်ဂျောင်း ဒေသတွေမှာ မေ ၆ ရက်နဲ့ ၇ ရက်နေ့တွေက သီးခြားစီဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူ ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း India Today သတင်းမှာ ဖော်ပြပါတယ်။
ဒီအကြမ်းဖက်မှုတွေဟာ နယ်စပ်ဖြတ်ကျော် လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပိုမိုခိုင်မာလာစေသလို နယ်စပ်ကျေးရွာတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ ပိုတိုး လာစေတယ်လို့ ဆိုပါတယ်။
ပထမဖြစ်စဉ်ကတော့ မေ ၆ ရက်နေ့လယ် ၁ နာရီလောက်မှာ အုခရူးလ်ဒေသတွင်းက ရွာသား တယောက်ဟာ လောင်တာတောင်တန်းအနီးမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ် ဒဏ်ရာ အများအပြား ရရှိခဲ့တာပါ။
ခရိုင်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဒဏ်ရာရသူဟာ အသက် ၃၃ နှစ်အရွယ် ချီပမ်ရှန် ရူအီဗာလို့ သိရပြီး ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သူဟာ ရွာထဲမှာ အလုပ်လုပ်နေခဲ့တာလို့ ဆိုပါတယ်။
အဲဒီဒေသမှာ တပ်စွဲထားတဲ့ မဏိပူရရိုင်ဖယ်တပ်ဖွဲ့ ၆ က ပြန်ပစ်ခတ်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ ခရိုင်ရဲမှူးအပါအဝင် ရဲအရာရှိကြီးတွေ အခင်းဖြစ်ပွားရာကို အမြန်သွားရောက်ခဲ့ ကြပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယမြောက် တိုက်ခိုက်မှုကတော့ ပိုမိုပြင်းထန်ပြီး မေ ၇ ရက်မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ကမ်ဂျောင်းဒေသအတွင်းက တန်ခူးလ်နာဂကျေးရွာသုံးရွာဖြစ်တဲ့ နမ်လီ၊ ဝမ်လီနဲ့ ချိုရိုရွာတွေကို လက်နက်ကိုင်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ မနက် ၃ နာရီခွဲလောက်မှာ စတင်ခဲ့တာဖြစ်ပြီး အိန္ဒိယ-မြန်မာ နယ်စပ် တဖက်ခြမ်း ကနေ လှုပ်ရှားနေတဲ့ ကူကီးလက်နက်ကိုင်တွေ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။
အဲဒီတိုက်ခိုက်အတွင်းမှာတော့ ကျေးရွာသား အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့ ကြသလို နေအိမ် ၁၅ လုံး လောက်လည်း ဖျက်ဆီးမီးရှို့ခံခဲ့ရတယ်လို့ အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။
Source: India Today










