
မွန်ပြည်နယ်နဲ့ တောင်ပိုင်းဒေသ ၁၄ မြို့နယ်အတွင်းမှာ အောက်တိုဘာလအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၁၃ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့သလို စစ်ဘေးရှောင် ဦးရေလည်း ၄,၃၀၀ အထိ ရှိလာတယ်လို့ RICE သုတေသနအဖွဲ့က နို၀င်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်း ဒေသတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၁၉ ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၁ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့နယ်အလိုက် ကြည့်မယ်ဆိုရင် ကျိုက်ထို၊ ဘီးလင်း၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ တိုက်ခိုက်မှု အများဆုံးလို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
ပဋိပက္ခတွေကြောင့် အရပ်သား သေဆုံးသူ ၁၃ ယောက်ထဲမှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၂ ယောက် ပါ၀င်ပြီး ဘီးလင်းမြို့နယ်မှာ သေဆုံးသူ ၅ ယောက်နဲ့ အများဆုံး ရှိနေတာပါ။
ဒဏ်ရာရရှိသူ ၁၈ ယောက်ထဲမှာ အမျိုးသမီး ၁၀ ယောက်၊ အမျိုးသား ၅ ယောက်နဲ့ ကလေး ၃ ယောက် ပါဝင်နေတာကြောင့် စစ်ရေးပဋိပက္ခကြား အရပ်သား ထိခိုက်မှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ် ၂၇ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ရေသန့်စက်ရုံ အဆောက်အအုံ ၂ လုံးနဲ့ မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ပါတယ်။
လေကြောင်းအန္တရာယ်နဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဒေသခံပြည်သူ ၄,၃၀၀ ထက်မနည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တဖက်မှာလည်း မွန်ပြည်နယ်နဲ့ ဆက်စပ်မြို့နယ်တွေ ဖြစ်တဲ့ ကျိုက်မရော၊ မော်လမြိုင်၊ ရေး၊ ရေဖြူ နဲ့ သထုံမြို့နယ်တွေမှာ အရပ်သား ၁၆ ယောက် ဖမ်းဆီးခံရပြီး အဲဒီအထဲက စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ ၈ ယောက်၊ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသူ ၃ ယောက်နဲ့ တခြား အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေထဲက ၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သူတွေကတော့ ဆက်လက် ဖမ်းဆီးခံထားရဆဲပါ။
မွန်ပြည်နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး ၃ မြို့နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် စတဲ့ စုစုပေါင်း ၁၄ မြို့နယ်ရှိ ဖြစ်ရပ်တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာနက ဒီအချက်အလက်တွေဟာ လက်လှမ်းမီသမျှ ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာနဟာ မွန်ပြည်နယ်နဲ့ တောင်ပိုင်းဒေသတွေရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို သုတေသနပြု စုဆောင်းထုတ်ပြန်ပေးတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။











