
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးနားတဝိုက်နယ်မြေထဲကနေ နာမည်ကြီး အမှတ်တံဆိပ် ဘရန်း အလှကုန်ပစ္စည်းပေါင်း ၇ သိန်းကျော်ကို ဖမ်းဆီးရမိကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
နာမည်ကြီးအမှတ်တံဆိပ် အလှဆီ၊ နေပူခံခရင်မ်နဲ့ တခြားသော အလှကုန်အမျိုးမျိုးတွေကို တုပ ထားတဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းပေါ်မှာ ပရိုမိုးရှင်း လျှော့ဈေးနဲ့ ပေးတယ်ဆိုပြီး ဈေးနှုန်း ချိုသာစွာ လိမ်လည်ရောင်းချနေကြောင်း သက်ဆိုင်ကုမ္ပဏီပိုင်ရှင် အစစ်တွေက တိုင်ကြားလို့ လိုအပ် သလို စုံစမ်းစစ်ဆေးခဲ့တယ်လို့ CIB ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ဝိစလွတ် ထိုင်းကျမ်အတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီနောက် ဘရန်းကုမ္ပဏီ၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေနဲ့အတူ ဧပြီ ၂၄ ရက်က စမွတ်ပရကန်ခရိုင်၊ ပါက်နမ့်မြို့နယ်၊ ဘန်ကောက်ခရိုင် ဘန်ခဲနယ်မြေနဲ့ ပထုမ်ဝမ်းနယ်မြေ လွန်းမိုင်းရပ်ကွက်ရှိ နေရာပေါင်း ၅ နေရာကို တရားရုံး ဝရမ်းစာ နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်။
အဆိုပါနေရာရှိ ဂိုဒေါင်အသီးသီးမှ နာမည်ကြီးဘရန်း အမှတ်တံဆိပ်အမျိုးပေါင်း ၂၂ မျိုးကို တုပထားတဲ့ နေပူခံခရင်မ်၊ အသားအရည်ထိန်းအလှဆီ၊ အစိုဓာတ်ထိန်းခရင်မ် အစရှိတဲ့ အလှကုန် ပစ္စည်းပေါင်း ၇၀၄, ၀၈၅ ခု၊ တယ်လီဖုံးမကွဲမှန် (စခရင်ကတ်) ပေါင်း ၉,၃၀၀ တို့ကို သိမ်းဆည်း ရမိခဲ့တယ်၊ ဂိုဒေါင်တခုမှာ အွန်လိုင်းပေါ်ကနေ ဖြန့်ဖြူးရောင်းချဖို့ အသင့်ပြင်ထားတဲ့ ပါဆယ် ထုတ်ပေါင်းများစွာနဲ့ ထုတ်ပိုးနေသူ ဝန်ထမ်းတွေလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ တာဝန်ရှိသူတွေက အသက် ၃၀ ကျော်ရွယ် ရှဲန့်ကျင်း၊ ချူယုံးနဲ့ ချားဒုံး ဆိုသူ တရုတ်နိုင်ငံသား ၃ ယောက်ကိုရော ဂိုဒေါင်ငှါးရမ်းတဲ့ ထိုင်းအမျိုးသမီးတို့ကိုပါ ဖမ်းဆီးထားတယ်၊ သူတို့တွေကို နာမည်ကြီးအမှတ်တံဆိပ်တုပထားတဲ့ ကုန်ပစ္စည်း သိုလှောင်သိမ်းဆည်းမှု၊ ဖြန့်ဖြူး ရောင်းချမှုတွေနဲ့ အရေးယူသွားမယ်၊ ထိုင်းအမျိုးသမီးကတော့ သူဟာ ကုန်ပစ္စည်းထုတ်ပိုးပေးသူ သက်သက်သာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
အဆိုပါ အလှကုန်ပစ္စည်းအတုအပတွေဟာ သက်ဆိုင်ရာက စစ်ဆေး အာမခံမှတ်ပုံတင်ပေးမှု မရှိတာကြောင့် စံချိန်မမီတဲ့ စိတ်မချရတဲ့ ထုတ်ကုန်တွေဖြစ်နိုင်တယ်။ အရေပြားနဲ့ တိုက်ရိုက် ထိတွေ့ လိမ်းခြယ်ရတာကြောင့် ဓာတ်မတည့်တာ၊ ယားယံတာ၊ အပူလောင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပြီး ရေရှည်မှာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ စတိုးဆိုင်တွေကသာ ဝယ်ယူသုံးစွဲဖို့၊ အမှတ်တံဆိပ်တွေ သေချာ စစ်ဆေးဖို့ တိုက်တွန်းပြီး ဇာစ်မြစ်မရှိ ဈေးပေါတဲ့ အလှကုန်တွေဟာ ဘေးဖြစ်စေကြောင်း ရဲမှူးကြီး က ပြောပါတယ်။
Source: Police TV











