
ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ ဓားနဲ့ထိုးသတ်ခံထားရတဲ့ မြန်မာအလုပ်သမား တယောက်ရဲ့ အလောင်းကို တရုတ်အလုပ်ရှင်က ခေါင်းတလားမပါ ဖြစ်သလိုထုပ်ပိုးပြီး ဘုန်းကြီးကျောင်းထဲ လာစွန့်ပစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၉ ရက်ညက ရနောင်းခရိုင်၊ နိခုမ်းဖတ်ထနားမြို့နယ်၊ မပ်ခါရပ်ကွက်၊ မပ်ခါဘုန်းကြီးကျောင်းထဲမှာ အလောင်းတလောင်း လာစွန့်ပစ်တယ်လို့ သတင်းပေးပို့ချက်ရတာကြောင့် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ မြို့နယ်ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်၊ ဆယာမ်ရယောင်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ နိခုမ်းဖတ်ထနားရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဘုန်းကြီးကျောင်း ရောက်တဲ့ခါ ဟိုင်းလပ်စ်ကားတစီးရဲ့ နောက်ခန်းမှာ ပလတ်စတစ်ဖျာနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတလောင်း တွေ့ရှိတယ်၊ ဓားနဲ့အထိုးခံထားရတဲ့ ဒဏ်ရာတွေ ရှိတယ်။ စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူမှာ မြန်မာရွှေ့ပြောင်းလုပ်သားတယောက် ဖြစ်ပြီး ဒီမတိုင်ခင်က မပ်ခါဖတ်ထနားအုပ်စု ကရချိတ်လန့်ရပ်ကွက် လမ်းသွယ် ၇ ရှိ ရွှေ့ပြောင်းလုပ်သား တန်းလျားမှာ ခိုက်ရန်ဖြစ်ပွားရင်း ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။
အဲဒီအလောင်းကို တရုတ်အမျိုးသား ၃ ယောက်နဲ့ စကားပြန်တယောက်တို့ သယ်လာတာ ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းအရ မှုခင်းထောက်ခံစာ၊ ဆရာဝန်ထောက်ခံစာ၊ သေဆုံးသူ အထောက်အထားလက်မှတ်၊ မီးသင်္ဂြိုဟ်ခွင့်လက်မှတ် စတဲ့ အထောက်အထားတွေ ရှိရမှာဖြစ်ပေမဲ့ ဘာအထောက်အထားမှမရှိတဲ့အပြင် အလောင်းကို ခေါင်းတလား မပါ၊ ဖျာနဲ့အုပ်ပြီး ဖြစ်သလို လာထားတာလို့ ကျောင်းတိုက်ရှိ ဘုန်းကြီးတပါးက မိန့်ပါတယ်။
တာဝန်ရှိသူတွေက ခိုက်ရန်ဖြစ်ပွားတဲ့နေရာမှာ သွားရောက်စစ်ဆေးတာမှာ သွေးစတွေကို ရေနဲ့ ဆေးကြောထားတာ တွေ့တာကြောင့် အလောင်းဖျောက်ဖျက်ဖို့ ကြိုးစားတာလို့ ယူဆတယ်၊ အဲဒီနောက် ဘုန်းကြီးကျောင်းမှာ အလောင်းလာထားသူတွေကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေး နေတယ်၊ စက်တင်ဘာ ၂၀ ရက် မှာ သေဆုံးသူကို ဓားနဲ့ထိုးသတ်သူ တရားခံပါ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဓားထိုးခံရသူမှာ အသက် ၄၀ နှစ်ရွယ် ကိုခိုင်ဇော် ဖြစ်ပြီး ဓားနဲ့ထိုးသူကတော့ အသက် ၂၉ နှစ်အရွယ်ရှိ နိုင်လင်း ဖြစ်ကာ နှစ်ယောက်လုံး မြန်မာဆောက်လုပ်ရေး အလုပ်သမားတွေ ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ညက အရက်သေစာသောက်စားပြီး ခိုက်ရန်ဖြစ်ပွားတယ်၊ ဓားထိုးခံရပြီး သေဆုံးသူ ရှိကြောင်း အလုပ်သမားတွေက အလုပ်ရှင် တရုတ်သူဌေးကို အကြောင်းကြားတာမှာ သူဌေးက ပလတ်စတစ်ဖျာ ယူလာပြီး အလောင်းကိုဖုံးကာ ဘုန်းကြီးကျောင်းကို သွားပို့တာလို့ ဆိုပါတယ်။
တရုတ်အလုပ်ရှင်ကတော့ ထိုင်းနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေ နားမလည်လို့ ခုလို ဘုန်းကြီးကျောင်းကို တန်းပို့ရတာလို့ ပြောပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေကတော့ တရုတ် အလုပ်ရှင် ၂ ယောက်၊ ရှမ်းအလုပ်သမား ၁ ယောက် နဲ့ ခိုက်ရန်ဖြစ်ပွားတဲ့ မြန်မာအလုပ်သမား ၃ ယောက်တို့ကို ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: DailyNews/CH7HD News











