
ထိုင်းနိုင်ငံမှာ ဥပဒေကခွင့်မပြုတဲ့ နိုင်ငံခြားသားတွေ ထိုင်းအမည်ခံနဲ့ ကုမ္ပဏီထောင် စီးပွားရေးလုပ် မြေယာဝယ်ယူပိုင်ဆိုင်မှုတွေ စဉ်ဆက်မပြတ် စစ်ဆေးနှိမ်နင်းနေတာမှာ အောက်တိုဘာ ၂၁ ရက် ကလည်း ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့နယ်ထဲကို သွားရောက်စစ်ဆေးပြီး ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၈၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဘန်လမွန်းမြို့နယ်ထဲမှာ နိုင်ငံခြားသားတွေက ထိုင်းအမည်ခံနဲ့ ဖွင့်ထားတဲ့ ကုမ္ပဏီ ၁၂ ခု ဖွင့်ပြီး မြေကွက်နဲ့ အိမ်ခြံမြေတွေဝယ်ထားကြောင်း စုံစမ်းထောက်လှမ်းသိရှိရတာကြောင့် ချွန်းပူးရီးခရိုင် ရဲမှူးကြီး ချားသရီးဆုခ်ဆီရီ ဦးဆောင်တဲ့ ဘန်လမွန်းနဲ့ နောင်ပရီနယ်မြေရဲစခန်း၊ လဝက ရဲတပ်ဖွဲ့ ၊ ခရိုင်စီးပွါးကူးသန်း ရောင်းဝယ်ရေးရုံး၊ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါ ကုမ္ပဏီ ၁၂ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ နောင်ပရီရပ်ကွက် ဇွမ်ဆုခ် ၁၂ လမ်းထဲက ဧကဝက်ကျော် ကျယ်ဝန်းတဲ့ ဇိမ်ခံအိမ်ကြီးတလုံးထဲမှာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကမှ ထိုင်းကိုရောက်လာတဲ့ တရုတ်နိုင်ငံသား ၃ ယောက်နေထိုင်တာ တွေ့ရှိတယ်၊ အဲဒီအိမ်ထဲမှာ တပ်ဆင်လို့ မပြီးသေးတဲ့ ကွန်ပြူတာ အလုံး ၁၀၀ ကျော်ပါတွေ့ရှိတယ်၊ ရင်းနှီးမြှုပ်နှံမှုတဲ့ အသုံးပြုမဲ့ ရည်ရွယ်ချက်ကို စစ်ဆေးဖို့ သိမ်းဆည်း ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံသားတယောက်ရဲ့ ဘဏ်ငွေစုစာရင်းထဲမှာ ငွေကြေးလည်ပတ်မှု လစဉ် ဘတ် ၂၀၀,၀၀၀ လောက်ရှိနေတာကို တွေ့ရတယ်၊ ကာယကံရှင်ကတော့ အိမ်ငှားခကရတဲ့ ဝင်ငွေတွေလို့ ထွက်ဆိုထားပါတယ်။
သက်သေအထောက်အထားတွေအရ အဲဒီအိမ်နဲ့ မြေကွက်ကို Pattaya Vision ကုမ္ပဏီအမည်နဲ့ ဝယ်ထားတာဖြစ်ပြီး ကနဦးစစ်ဆေးချက်အရ ရှယ်ယာရှင်အားလုံး တရုတ်နိုင်ငံသားတွေ ဖြစ်နေတာကို တွေ့ရှိတယ်။
မြို့နယ်ထဲရှိ ကုမ္ပဏီ ၁၂ နေရာအားလုံးကို စစ်ဆေးချက်အရ အကောက်ခွန်မဲ့ စီးကရက် ၄၈၂ ကာဒွန်းပါ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ဥပဒေချိုးဖောက်တယ်လို့ ယူဆရတယ်၊ ကုမ္ပဏီအမည်နဲ့ အိမ်ရာ ၁၁ လုံး၊ ၂၅ ဧကကျော် ကျယ်ဝန်းတဲ့ မြေယာထဲမှ မြေကွက် ၁၆ ကွက်ပါ ဝယ်ယူထားတယ်။
အိမ်ရာနဲ့ မြေကွက် စုစုပေါင်းတန်ဖုန်း ဘတ်သန်းပေါင်း ၈၀၀ ကျော်ရှိပြီး ဒီအမှုမှာ နိုင်ငံပေါင်း ၉ နိုင်ငံက လူ ၈၅ ယောက် ပါဝင်ပတ်သက်နေတယ်၊ ဒါကြောင့် သူတို့ကို ဆက်လက်စစ်ဆေပြီး ဥပဒေအရအရေးယူဖို့ သက်သေအထောက်အထားတွေ စုဆောင်းနေတယ်။
မြေယာဥပဒေအရ တရားမဝင် မြေယာပိုင်ဆိုင်ထားတာကို စစ်ဆေးတွေ့ရှိရင် အဲဒီမြေတွေကို ရက်ပေါင်း ၁၈၀ အတွင်း လေလံတင်ရောင်းချမှာဖြစ်ပြီး တရားမဝင် ဝယ်ယူသူတွေလည်း ဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်။
ချွန်းပူးရီးခရိုင်ရဲတပ်ဖွဲ့အနေနဲ့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ အမျိုးသားစီးပွားလုံခြုံရေးအတွက် နယ်မြေတွင်း စစ်ဆေးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: ချွန်းပူးရီး ခရိုင်ရဲတပ်ဖွဲ့ ၊ Matichon News











