
လာမဲ့ ဗုဒ္ဓဟူးနေ့ကစလို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဌာနတွေက ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ရုံးဌာနတွေကို မသွားဘဲ အိမ်ကနေပြီး ရုံးလုပ်ငန်း လုပ်ကြဖို့ စစ်ကောင်စီက မတ် ၂၂ ရက်ညမှာ ကြေညာပါတယ်။
အခုလို သတ်မှတ်တာဟာ စက်သုံးဆီချွေတာဖို့ဖြစ်တာကြောင့် ဝန်ထမ်းတွေအနေနဲ့ အဲဒီရက်မှာ တာဝန်ကလွဲလို့ ခရီးမသွားကြဖို့၊ ယာဉ်မသုံးစွဲကြဖို့လည်း ကန့်သတ်လိုက်ပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စက်သုံးဆီရှားပါးတာကို ကြိုတင် ကာကွယ်ဖို့ ရည်ရွယ်ပြီး စုံ၊ မ ယာဉ်သုံးစွဲတဲ့စနစ်နဲ့ စက်သုံးဆီဝယ်ယူတဲ့စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သလို စက်သုံးဆီတင်သွင်းရရှိရေးကိုလည်း နည်းလမ်းမျိုးစုံနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီအရန် အလုံအလောက်ရှိတယ်လို့လည်း စစ်ကောင်စီကဆိုပြီး အနာဂတ်မှာဖြစ်လာနိုင်တဲ့ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုလို လုပ်တာလို့ ဆိုပါတယ်။
ပုဂ္ဂလိက အလုပ်ဌာနတွေအနေနဲ့လည်း အစိုးရရုံးဌာနတွေနည်းတူ (work from home) လို လုပ်ဆောင်မှုမျိုး အတတ်နိုင်ဆုံးလုပ်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
အရာရှိတွေရော တခြား အမှုထမ်းတွေပါ လာမဲ့ မတ် ၂၅ ရက်ကစလို့ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်တွေကနေပဲ ရုံးအလုပ်ကိုလုပ်ကြဖို့သတ်မှတ်ထားပြီး တကယ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ အလုပ်လုပ်နိုင်တဲ့ အခြေအနေသိပ်မရှိပါဘူး။
စစ်ကောင်စီက ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို လောင်စာဆီချွေတာခိုင်းနေပေမဲ့ လေကြောင်းကနေ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုတော့ နေ့စဉ်ရက်ဆက် ဆက်လက်ပြုလုပ်နေပါတယ်။










