
နေပြည်တော်က စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေမှာ မတ် ၂၅ ရက်က စပြီး ဗုဒ္ဓဟူးနေ့တိုင်း Work From Home အစီအစဉ် စတင်နေပြီလို့ သိရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းထဲက စက်သုံးဆီချွေတာသုံးစွဲဖို့ သူ့လက်အောက်ဝန်ကြီးဌာနက ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အိမ်ကနေသာ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားတာာ ဖြစ်ပြီး ဒီကနေ့ စတင် အသက်ဝင်တာလည်း ဖြစ်ပါတယ်။
နေပြည်တော်ဒေသခံ ဝန်ထမ်းတယောက်က "ရုံးကတော့ မသွားရတော့ဘူး။ ဖုန်းနဲ့ပဲ ဟိုဟာလုပ် ဒီဟာလုပ်ပေါ့။ အခုထိတော့ အဆင်ပြေပါတယ်။ ရုံးမသွားရတော့ ဆီလည်းတိုးစရာမလိုတော့ဘူး။ စုံ/မ လည်း မကြောက်ရဘူးပေါ့"လို့ ပြောပါတယ်။
နေပြည်တော် ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်ကြတဲ့ ဝန်ထမ်းတွေက ရုံးဖယ်ရီကားကို အသုံးပြုနိုင်ကြပေမဲ့ ဒေသခံဝန်ထမ်းအများစုကတော့ ဆိုင်ကယ်နဲ့သာ ရုံးတက် ရုံးဆင်းပြုလုပ်နေရတာပါ။
နေပြည်တော်က စက်သုံးဆီဆိုင်အများစုကတော့ ဝန်ထမ်းတွေကို ဝန်ထမ်းကတ်နဲ့ သီးသန့် ရောင်းချပေးနေတာတွေလည်း ရှိပါတယ်။










