
ဘက်ပေါင်းစုံမှာ အားကောင်းရေး ကုလသမဂ္ဂကို ပြန်လည်ဖွဲ့စည်းဖို့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂမှာ ပထဝီနိုင်ငံရေးတွေ၊ ဘဏ္ဍာရေးဖိအားတွေ ရှိနေပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကော်စတာက တိုက်တွန်းခဲ့တာပါ။
နယူးယောက်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂညီလာခံမှာ ကော်စတာက နောက်ဆုတ်ဖို့မဟုတ်ဘဲ ပြန်ဖွဲ့စည်းဖို့၊ ပြန်လည်ဆန်းသစ်ဖို့၊ ပြန်ရင်းနှီးဖို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။
လုံခြုံရေးကောင်စီရဲ့ ပြည့်စုံတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်တယ်လို့ ကော်စတာက ဆိုပါတယ်။
အဲဒီမိန့်ခွန်းမှာ ကော်စတာက ပဋိပက္ခတွေက ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်တွေ ရှိတယ် ဆိုတာ လည်း သတိပေးခဲ့ပါသေးတယ်။
ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားအဖြစ်အပျက်ကို ဥပမာထားပြီး အစားအသောက်၊ စွမ်းအင်၊ ရွှေ့ပြောင်းအရေး၊ နိုင်ငံတကာ တည်ငြိမ်မှုတွေ ထိခိုက်တာကို ထောက်ပြခဲ့ပါတယ်။
ရုရှားဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေတယ်ဆိုတာ ပြောခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း လုပ်ဆောင်နိုင်တာတွေအားလုံး အသုံးပြုပြီး ပဋိပက္ခ အဆုံးသတ်ရေး ကူညီကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကော်စတာက အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ဒေသခံ သန်းပေါင်းများစွာရဲ့ ပဋိပက္ခတွေ အဆုံးသတ်လိုစိတ်ကို ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
ဥရောပသမဂ္ဂအနေနဲ့က “ထိပ်တိုက်ရင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှု၊ အာဏာထက် ဥပဒေ၊ သီးခြားနေခြင်းထက် ပူးပေါင်းဆောင်ရွက်မှု၊ တုံ့ဆိုင်းမှုထက် လုပ်ဆောင်မှု” စတဲ့အချက်တွေကို အဓိကထား လုပ်ဆောင်နေတယ်လို့ ရှင်းလင်းခဲ့ပါတယ်။
Source:Reuters










