
စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲကနေ ရေအမြောက်အမြား လွှတ်ချလိုက်တာကြောင့် ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ်တွေက ကျေးရွာ ၅၀ ကျော် ရေနစ်မြုပ်နေပြီး လူပေါင်း ၁၀,၀၀၀ ကျော် ရေဘေးဒဏ် ရင်ဆိုင်နေကြရပါတယ်။
ဩဂုတ် ၆ ရက် နေ့လယ် ၁ နာရီလောက်က ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းအတွင်း လုပ်ငန်းခွင်ကနေ ပြန်လာတဲ့ ကောက်စိုက်သမ ၁၀ ယောက် ချောင်းကိုဖြတ်ကူးစဉ် ရုတ်တရက် ရေတိုးပြီး ရေလှိမ့်ဝင်စီးဆင်းလာတာကြောင့် မျောပါခဲ့ပြီး အမျိုးသမီး ၆ ယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
သေဆုံးသွားသူ ၆ ယောက်စလုံးဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သဖန်းဆိပ်ဆည်ကနေ ရေအမြောက်အမြား လွှတ်ချလိုက်တာကြောင့် ရေဘေးသင့်နေရတဲ့ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက အခြေအနေကို မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပြပါတယ်။
“ချောင်းရေထဲ မျောပါသွားတယ်။ ၆ ယောက် သေဆုံးသွားတယ်၊ ၄ ယောက်တော့ အသက်ရှင်လျက် ပြန်တွေ့တယ်။ နေရပ်ကတော့ ချောင်းရိုးသူတွေပဲ၊ အသက်ကတော့ ၃၀ ဝန်းကျင်ရှိပြီ။ ရေအခြေအနေကတော့ ဆက်ကျနေတုန်းပဲ။ မိုးကတော့ ဒီနေ့ စဲသွားပြီ။ အခုလောလောဆယ် ကျနော်သိရသလောက်တော့ သဖန်းဆိပ်က ရေပိုလွှဲက KZ 80000 လွှဲလိုက်တာကို အဲဒီ မူးမြစ်တလျှောက်လည်း နစ်တယ်၊ မူးမြစ်ဝှမ်းတလျှောက်လည်း ဒီပဲယင်း အနောက်ခြမ်းကရွာတွေ ကြိုးကြားကြိုးကြား နစ်တယ်။”
ဒါ့အပြင် ဩဂုတ် ၆ ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တန့်ဆည်မြို့နယ်မြောက်ပိုင်း၊ ဒေါင့်ကြီးရွာအနီးရှိ ခရိုင်အတွင်း အဓိက ရေပေးဝေနေတဲ့ မူးမကြီး သို့မဟုတ် ဒေသခေါ် ဝါးရငယ်မူး အရှေ့ဘက် မူးဘောင်ဟာ ရေလျှံပြီး ကျိုးကျသွားခဲ့တာပါ။
အဆိုပါ မူးဘောင်ကျိုးကျမှုနဲ့ သဖန်းဆိပ်ဆည်ရေ လွှတ်ချမှုတွေကြောင့် တန့်ဆည်မြို့နယ်အတွင်း မူးမြစ်ကမ်းတလျှောက်က ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး ပြည်သူ ၁၀,၀၀၀ လောက် အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ကူညီကယ်ဆယ်ရေး ပို့ဆောင်ပေးနေရတဲ့ အခြေအနေကို ပြောပြပါတယ်။
“အခု အဲဒီရွာတွေက ကျန်းမာရေးမကောင်းတဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေကို ပသုံးလုံးကနေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အပြင်ကို ထုတ်နေပါတယ်ဗျ။ ရေက တော်တော်ကြီးကို တက်နေတယ်ဗျ။ နှစ်ထပ်အိမ်ဆိုရင် အပေါ်ထပ်တွေတောင် ရေရောက်နေပြီ။ သဖန်းဆိပ်ဘက်ကလည်း ရေက တော်တော်ကို လွှတ်တုန်းပါပဲ။ ဒီဘက်ကလည်း မိုးတအားရွာတာ ဆိုတော့ စီတုံးလုံးချောင်းကနေ သဖန်းဆိပ်ထဲ ဝင်နေတာ။ သဖန်းဆိပ်ကလည်း တံခါးပိတ်ထားပေမဲ့ လျှံကျတာလေ ထိန်းလို့မရဘူးဖြစ်နေတာ ရေက။”
လက်ရှိမှာ မူးမြစ်ရေကြီးရေလျှံနေမှုတွေကြောင့် မူးမြစ်ကမ်းတလျှောက်ရှိ စိုက်ပျိုးလယ်ယာမြေ များစွာ ရေနစ်မြုပ် ပျက်စီးခဲ့ရပါတယ်။
မိုးဆက်တိုက် ရွာသွန်းနေဆဲ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ ကောလင်း စတဲ့မြို့နယ်တွေရဲ့ မူးမြစ်အနီး ရေဘေးစိုးရိမ်ရတဲ့ ကျေးရွာတွေကို အချိန်နဲ့တပြေးညီ သတိပြုကြဖို့လည်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့တွေက အသိပေး နှိုးဆော်ထားကြပါတယ်။
သီရိ










