
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဇွန် ၆ ရက်က ကျင်းပခဲ့ပြီး အဲဒီပွဲမှာ ကင်မ်အဲရစ်က အဆိုတော် မင်းမော်ကွန်းကို “နေကောင်းလား မေမေ” သီချင်းဆိုပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီဆုတောင်းပွဲကို မြန်မာအသိုက်အဝန်းက စုပေါင်းကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနဲ့ လွတ်မြောက်ရေးအတွက် ဆုတောင်းတာနဲ့ အလှူဒါနတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲအတွင်း အနုပညာရှင် မင်းမော်ကွန်း၊ ယုဇနနဲ့ ထားထက်ထက်တို့လည်း တက်ရောက်ခဲ့ကြပြီး မေမေ တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
အနုပညာရှင် မင်းမော်ကွန်းရဲ့ ခွန်အားဖြည့်မိငယ် သီချင်း သီဆိုချိန်ပြီးချိန်မှာ ကိုထိန်လင်းခေါ် ကင်မ်အဲရစ်က “မေမေနေကောင်းလား” သီချင်းဆိုပေးဖို့ တောင်းဆိုခဲ့တာပါ။ မင်းမော်ကွန်း သီဆိုပေးချိန်မှာ ခန်းမအတွင်း ငြိမ်သက်တိတ်ဆိတ် နားထောင်ခဲ့ကြပါတယ်။
ကင်မ်အဲရစ်က ပွဲဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့တဲ့ စီစဉ်သူတွေ၊ BCDC အပါအဝင် စပွန်ဆာတွေ၊ ပြည်ပရောက် မြန်မာအနုပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် သြစတြေးလျနိုင်ငံက ပြည်နယ်နဲ့ ဖက်ဒရယ်လွှတ်တော်အမတ်တွေ၊ အာဆီယံ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေ တက်ရောက်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ပွဲအတွင်း လေလံပွဲနဲ့ အလှူရှင်တွေ၊ စပွန်ဆာတွေရဲ့ ပံ့ပိုးမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့နဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ သြစတြေးလျဒေါ်လာ ၆ သောင်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် အသက် ၈၁ နှစ် ပြည့်တော့မှာဖြစ်ပေမဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရဆဲဖြစ်တယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
“ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းထုတ်လွှင့်မှုတွေဟာ သက်ရှိထင်ရှားရှိနေတယ်ဆိုတာကို သက်သေမပြနိုင်ပါဘူး။ တနေရာကနေ တနေရာ ပြောင်းရွှေ့ထားတာဟာလည်း လွတ်လပ်မှုမဟုတ်ပါဘူး။ မေမေဟာ ဓားစာခံအဖြစ် ရှိနေဆဲပါ။”
ကမ္ဘာတဝန်းမှာ ပြုလုပ်နေတဲ့ Global Proof of Life Challenge လှုပ်ရှားမှုမှာ ပါဝင်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး “ကျနော့်မေမေ ဘယ်မှာလဲ၊ သက်ရှိထင်ရှားရှိနေသေးရင် သက်သေပြပါ” ဆိုတဲ့ မေးခွန်းကို စစ်ကောင်စီအား ဆက်မေးသွားမယ်လို့ ဆိုပါတယ်။










