
ဆော်ဒီအာရေဗျအစိုးရက သူ့ နယ်မြေပေါ်ကို အီရန်က ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့လို့ အီရန် စစ်သံမှူးနဲ့ သံရုံးဝန်ထမ်း ၄ ယောက်ကို ၂၄ နာရီအတွင်း နိုင်ငံကနေ ထွက်သွားဖို့ နှင်ထုတ်လိုက်ပါတယ်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ဆိုင်ရာ အီရန်အစ္စလာမ်သမ္မတနိုင်ငံသံရုံးရဲ့ စစ်သံမှူး၊ လက်ထောက်စစ်သံမှူးနဲ့ မစ်ရှင်ဝန်ထမ်းတွေကို မလိုအပ်တဲ့ပုဂ္ဂိုလ်တွေအဖြစ် ကြေညာခဲ့တယ်လို့ ပြောပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပြီးတဲ့နောက် ဆော်ဒီအာရေဗျရဲ့ အဓိက ရေနံတင်ပို့ရာ နေရာဖြစ်တဲ့ ယန်ဘူ ပင်လယ်နီဆိပ်ကမ်းကို ဒရုန်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ ခုလို နှင်ထုတ်ခဲ့တာပါ။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ဖြစ်နေချိန်မှာ အီရန်အစိုးရက အမေရိကန် စစ်ဘက်ပိုင်ဆိုင်မှုတွေကို လက်ခံထားတဲ့ ဆော်ဒီအာရေဗျနဲ့ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေကို ပစ်မှတ်ထားခဲ့ပါတယ်။
အရပ်ဘက်ဗဟိုဌာနတွေနဲ့ စွမ်းအင်စက်ရုံတွေကို ပိုထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဒေသထဲမှာ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်ခဲ့တာပါ။
ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေလည်း လှုပ်ခတ်ခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံစိမ်းသိုက်ကို ပိုင်တဲ့ ဆော်ဒီအာရေဗျက စစ်ပွဲစကတည်းက အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းရာပေါင်းများစွာတို့နဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အများစုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေထဲမှာ ဆော်ဒီအာရေဗျ အရှေ့ပိုင်းက စွမ်းအင်စက်ရုံတွေလည်း ပါသလို အခုလအစောပိုင်းမှာ မြို့တော်ရီယာ့ဒ်က အမေရိကန်သံရုံးကို ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်မှု တို့ပါပြီး ဆော်ဒီဟာ အကြိမ်ကြိမ် ပစ်မှတ်ထားခံခဲ့ရပါတယ်။
ကြာသပတေးနေ့ကတော့ အာရမ်ကို-အက်ဆွန် ရေနံချက်စက်ရုံပေါ်ကို ဒရုန်းတစင်း ကျရောက်ပြီးတဲ့နောက် ယန်ဘူ ပင်လယ်နီဆိပ်ကမ်းမှာ ရေနံတင်ဆောင်မှုတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။
အီရန်က ဟော်မုဇ်ရေ လက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ပြီးတဲ့နောက် ဒီဆိပ်ကမ်းဟာ ဆော်ဒီအာရေဗျအတွက် တခုတည်းသော ပို့ကုန်ထွက်ပေါက် ဖြစ်ပါတယ်။
စနေနေ့က ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး တော်ဝင်မင်းသား ဖိုင်ဆယ် ဘင်ဖာဟန် အယ်လ်ဆော့ဒ်က အီရန်အပေါ် ယုံကြည်မှုပျက်စီးသွားပြီလို့ ပြောခဲ့ပြီး သူ့နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အခိုင်အမာပြောဆိုခဲ့ပါတယ်။
Source: Reuters










