
တော်လှန်ရေးတပ်တွေကနေ စစ်အာဏာရှင်တပ်ထံ ဝင်ရောက်သွားသူတွေ ရှိပေမဲ့ စစ်တပ် ဝါဒဖြန့်သလောက်တော့ အရေအတွက် အများကြီးမရှိဘူးလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့က DVB ကို ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပြီးခဲ့တဲ့ ၅ ရက်လောက်က NUG အောက်က တပ်ရင်းတခုကနေ အလက် ၂ လက်နဲ့ လူ ၂ ယောက်ပေါ့၊ (--)တွေထဲ ဝင်သွားတယ်။ တချို့ Local (ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့) တွေထဲကလည်း တယောက်စ၊ နှစ်ယောက်စ ဝင်သွားကြတာတွေ ရှိတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ” လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်လက်အောက်ခံ မန္တလေးတိုင်းအစိုးရကတော့ သူတို့ဆီကိုဝင်တဲ့ PDF တပ်ဖွဲ့ဝင်ပေါင်း ၂,၀၀၀ ကျော် ရှိနေပြီလို့ ဝါဒဖြန့်ပါတယ်။
မေ ၁၉ ရက်မှာတင် ဝင်လာတဲ့ PDF တပ်ဖွဲ့ဝင် ၃၁၂ ယောက် ရှိတယ်လို့ စစ်အာဏာရှင်တပ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဝင်လာသူတွေထဲမှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲက အများစုဖြစ်ပြီး ရှမ်းမြောက်ပိုင်း မိုးမိတ်မြို့နယ်က ၈ ယောက်ပါတယ်လို့ စစ်အာဏာရှင်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
မန္တလေးတိုင်းထဲမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဘက်ပြောင်းတဲ့သူတွေက ဘယ်လိုလူတွေလဲဆိုတော့ နိုင်ငံရေးခံယူချက် မရှိဘူးပေါ့ဗျာ။ သေနတ်ကိုင် တိုက်ချင်လို့ ဝင်လာတယ်။ တချို့လည်း အနေအစားချောင်လို့ပေါ့ဗျာ။ တော်လှန်ရေးက သာနေချိန် ဝင်လာတဲ့သူတွေ ရှိသလို တခါ တော်လှန်ရေးက ကျပ်တည်းသွားတော့ စိတ်ဓာတ်ညံ့လို့ပေါ့ဗျာ။ အဲဒီလိုနဲ့ ပြောင်းသွားသူတချို့လည်း ရှိတယ်။ တချို့လည်း ဝင်ငွေမရှိတော့ ထွက်ချင်တာ ရှိတယ်။ တပ်ဖွဲ့တွေက အထွက်မခံတော့ ထွက်ပြေးပြီး ဟိုဘက်ကို သွားပူးပေါင်းကြသူတွေလည်း ရှိလာတာပေါ့” လို့ ပြောပါတယ်။
မတ် ၁၉ မှာဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအဖွဲ့တွေထံကနေ လူ ၅၀၀ ကျော် ဝင်တယ်လို့ စစ်အာဏာရှင်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဝါဒဖြန့်ပေမဲ့ တော်လှန်ရေးတပ်တွေဘက်က ငြင်းဆိုခဲ့ပါတယ်။
ဧပြီလထဲမှာ ပြုလုပ်တဲ့ ဝါဒဖြန့်ကြိုဆိုပွဲမှာ ဘက်ပြောင်းလာသူတွေဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)၊ အခု အပစ်ရပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ မန္တလေးတိုင်းထဲမှာ တော်လှန်နေတဲ့ တပ်ဖွဲ့တွေက လူတွေ ပါတယ်လို့ စစ်အာဏာရှင်တပ်က ဝါဒဖြန့်ခဲ့ပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ ဒီမေလ ပထမပတ်အထိ စစ်အာဏာရှင်တပ်ဘက်ကနေ တော်လှန်ရေးအဖွဲ့တွေထံ အလင်းဝင်လာသူနဲ့ လက်နက်ချလာသူပေါင်း ၃,၁၁၇ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။










