
စစ်အာဏာရှင်လက်ထက် မြန်မာပြည်တွင်းဈေးကွက်မှာ ကြက်ဥဈေးနှုန်းတွေ ဆက်လက် မြင့်တက် နေပြီး လက်လီဈေးဟာ တလုံးကို ကျပ် ၇၀၀ အထိ ဖြစ်လာတာကြောင့် အသားငါးအစား ကြက်ဥကို အဓိကအားပြုစားသုံးနေရတဲ့ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲ လာနေတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ နေထိုင်တဲ့ အိမ်ရှင်မတယောက်က "အသားငါးဈေးကြီးလို့ ကြက်ဥပဲ အားပြု စားနေကြရတာကို ကြက်ဥဈေးက တက်ပြီးရင်းတက်။ အသေးဆိုဒ်လေးတွေကို ကျပ် ၆၀၀နဲ့ ရောင်းနေကြတယ်။ City Mart မှာ ဈေးသက်သာလို့ သွားဝယ်မယ်ဆိုရင်လည်း မရှိတာ၊ ကုန်နေတာက များတယ်။ အဲဒီတော့ အခုဆို ကြက်ဥတောင် လျှော့စားနေရပြီ" လို့ ပြောပါတယ်။
ဇူလိုင်လ ပထမပတ်အထိ ကြက်ဥလက်ကားဈေးဟာ အရွယ်အစားအလိုက် တလုံးကို ကျပ် ၄၃၀ က နေ ၅၄၀ ကြားရှိခဲ့ပြီး လက်လီဈေးကတော့ ကျပ် ၄၅၀ ကနေ ၆၅၀ ကြား ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ လက်ကားဈေးဟာ တလုံးကို ကျပ် ၄၆၅ ကနေ ၅၈၀ အထိ မြင့်တက်လာပြီး လက်လီဈေးကလည်း ကျပ် ၅၅၀ ကနေ ၇၀၀ အထိ ရောက်ရှိလာပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က ကြက်ဥတလုံး ကျပ် ၁၀၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျပ် ၄၀၀ ကနေ ၆၀၀ ကြားအထိ မြင့်တက်ခဲ့ပါတယ်။
အဲဒီအမြင့်ဈေးတန်းမှာ အချိန်ကြာမြင့်စွာ ဆက်ရှိနေခဲ့ရာက ဇွန်လ တတိယပတ်ကစပြီး ကြက်ဥဈေး ဟာ ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဈေးတွေဆက်တိုက် မြင့်တက်လာရတာဟာ ပြည်ပကသွင်းရတဲ့ မွေးမြူရေးအစာနဲ့ တိရစ္ဆာန် ဆေးဝါးတွေ ဈေးကြီးလာတာ၊ စက်သုံးဆီဈေးတက်လို့ သယ်ယူပို့ဆောင်ရေးစရိတ် များလာတာနဲ့ မီးမမှန်လို့ မီးစက်နဲ့လည်ပတ်ရတဲ့ စရိတ်တွေ မြင့်တက်လာတာတွေကြောင့်လို့ ဆိုပါတယ်။
ကုန်ကျစရိတ်မကာမိတဲ့ ခြံငယ်တချို့ ရပ်နားလိုက်ရတဲ့အတွက် ဈေးကွက်ထဲ ကြက်ဥ အဝင် နည်းသွားပြီး အခုလို ဈေးတွေ ပိုတက်လာတာလို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
စစ်အာဏာရှင်ဘက်ကတော့ စိုက်ပျိုးမွေးမြူရေး တိုးတက်အောင် အားပေးတဲ့အကြောင်း၊ အစာကြိတ်ခွဲစက်ရုံတွေ တည်ထောင်ဖို့နဲ့ ချေးငွေတွေထုတ်ပေးမှာ ဖြစ်ကြောင်း မကြာခဏ ပြောဆိုနေပေမဲ့ လက်တွေ့မှာ ဘာမှဖြစ်မလဲဘဲ အသားငါးဈေးနှုန်းတွေ အပြင်ကြက်ဥဈေးတွေပါ ဆက်တိုက်တက်နေတာ ဖြစ်ပါတယ်။










