DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ကြက်ဥ ၁ လုံးဝယ်စားရန် အလုပ်သမား ၁ ဦးက မိနစ် ၄၀ လုပ်အားစိုက်ထုတ်နေရ
DVB
·
October 22, 2026
Photo: DVB
Photo: DVB
Donate to DVB

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကြောင့် အလုပ်သမားတယောက်ဟာ ကြက်ဥတလုံး ၀ယ်ယူစားသုံးဖို့အတွက် လုပ်အားအတွက် အချိန်လွန်စွာ ကြီးမားတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပြုလုပ်ထားတဲ့ သုတေသန အချက်အလက်အရ သိရပါတယ်။

ရန်ကုန်က စက်ရုံအလုပ်သမားတယောက်အတွက် နေ့လယ်စာ ထမင်းဘူးမှာ ကြက်ဥကြော်တလုံး စားဖို့ပါရင် အလုပ်စ၀င်တဲ့အချိန်ကနေ မိနစ် ၄၀ လောက်ထိ အလုပ်လုပ်မှသာ ကြက်ဥတလုံးစာဖိုးငွေကို ရရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းမီ ၂၀၂၀ တုန်းက အလုပ်စ၀င်ချိန်ကနေ ၁၀ မိနစ်ထိ အလုပ်လုပ်မှသာ ကြက်ဥတလုံးဖိုး ရရှိလို့ ၅ နှစ်အတွင်း အခြေအနေတွေက အများကြီး ကွာခြားသွားတယ်လို့ GSCB က ထောက်ပြပါတယ်။

စစ်အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခငွေ တရက် ၄,၈၀၀ ကျပ်ဖြစ်ပြီး ကြက်ဥတလုံး ၁၀၀ ကျပ်၀န်းကျင်သာ ရှိကာ အလုပ်သမားတယောက် တရက်လုပ်အားခနဲ့ ကြက်ဥ ၄၈ လုံး ၀ယ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်လက်ထက်မှာတော့ အနည်းဆုံးလုပ်ခငွေ ၇,၈၀၀ ကျပ် တိုးလာပေးမဲ့ ကြက်ဥတလုံး ကျပ် ၆၀၀ မှ ၈၀၀  အထိ ဈေးနှုန်းရှိတော့ တရက်စာလုပ်ခနဲ့ ကြက်ဥ ၁၀ လုံး ဒါမှမဟုတ် ၁၃ လုံးခန့်သာ ဝယ်နိုင်တော့တာပါ။

လုပ်ခလစာ တိုးမြင့်လာမှုမှာ တထစ်ချင်းရှိပေမဲ့ ကြက်ဥဈေးနှုန်းက ဓာတ်လှေကားစီးသလို တက်သွားတဲ့အတိုင်း ၇ ဆအထိ မြင့်တက်သွားတယ်လို့ အဖွဲ့က ထောက်ပြပါတယ်။

GSCB က ထုတ်ပြန်ထားတဲ့ သုတေသန အချက်အလက်တွေအရ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာအလုပ်သမားတွေရဲ့ လုပ်အားတန်ဖိုးမှာ အလွန်ပင် နိမ့်ကျနေတယ်လို့ ဆိုပါတယ်။

ကြက်ဥတလုံး ၀ယ်ယူဖို့ အာဆီယံနိုင်ငံတွေမှာတော့ လုပ်အားအတွက် အချိန်ဆို စင်ကာပူ တမိနစ်၊ မလေးရှား ၃ မိနစ်၊ ထိုင်း ၅ မိနစ်မှ ၆ မိနစ်၊ ဗီယက်နမ် ၆ မိနစ်မှ ၈ မိနစ်၊ ကမ္ဘောဒီးယားက ၇ မိနစ်နဲ့ လာအိုနိုင်ငံမှာ ၁၂ မိနစ်မှ ၁၅ မိနစ်လောက်သာ လိုအပ်ကြောင်း သိရပါတယ်။

အာဆီယံနိုင်ငံထဲမှာ မြန်မာက အနိမ့်ဆုံးဖြစ်ပြီး ကြက်ဥတလုံးစာဖိုးငွေကို အနိမ့်ဆုံး ၃၃ မိနစ်မှ ၄၉ မိနစ်အထိ (ပျမ်းမျှ မိနစ် ၄၀ ကျော်) ကြာမြင့်စွာ အလုပ်လုပ်မှသာ ရရှိတာဖြစ်ကြောင်း GSCB ရဲ့ လေ့လာချက်မှာ ဖော်ပြပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားတယောက်အနေနဲ့ ၅ မိနစ် အလုပ်လုပ်ရင် ကြက်ဥတလုံးဖိုး ရနိုင်ပေမဲ့ မြန်မာဘက်ခြမ်းမှာတော့ ၈ ဆလောက် ပိုမိုကြာမြင့်စွာ အလုပ်လုပ်မှသာ ရရှိလို့ မြန်မာလူငယ်အများအပြား နယ်စပ်ဖြတ်ကျော် ထိုင်းဘက်ကို အလုပ်ရှာဖွေဖို့ ထွက်လာရတဲ့ အကြောင်းရင်းကို ဖော်ပြနေတယ်လို့ ထောက်ပြထားပါတယ်။

ကြက်ဥဟာ လူတဦးချင်းစီအတွက်တော့ သေးငယ်လှတဲ့ အခြေခံ အာဟာရတန်ဖိုး ဖြစ်ပေမဲ့ ကြက်ဥကိုဝယ်ဖို့ ပေးရတဲ့ ချွေးမိနစ်တွေက မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေကို ညွှန်ပြနေပါတယ်။

၂၀၂၀ မှာ ၁၀ မိနစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄၀ မိနစ်ကျော်တဲ့ ဒီကွာခြားချက်ဟာ စာရင်းဇယားထဲက ကိန်းဂဏန်းသက်သက် မဟုတ်ဘဲ နေ့စဉ် ထမင်းဝိုင်းတိုင်းမှာ ခံစားနေရတဲ့ အမှန်တရားပဲ ဖြစ်တယ်လို့ မီးမောင်းထိုးပြလိုက်တာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ ကြက်ဥဝယ်ယူစားသုံးမှု ဈေးကွက်အတွင်း တရက် ကျပ်ငွေ ၁၀ ဘီလီယံကျော် လည်ပတ်သုံးစွဲမှုရှိနေပြီး တရက်ကို ကြက်ဥအလုံးရေ ၁၉ သန်းလောက် လိုအပ်ကာ ဥစားကြက်ကောင်ရေ ၂၃ သန်းလောက် လိုအပ်ကြောင်း စစ်အာဏာရှင်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013