
ရန်ကုန်မြို့က ကုန်စုံဆိုင်တွေမှာ ဈေးဝယ်ကြတဲ့အခါ ပစ္စည်းထည့်ဖို့ ပလတ်စတစ်အိတ်ဖိုးကို ဝယ်သူတွေဘက်က အပိုဆောင်းပေးနေရတယ်လို့ ဈေးဝယ်သူတွေနဲ့ အရောင်းဆိုင်တွေက ပြောပါတယ်။
ရပ်ကွက်တွေထဲမှာ ဖွင့်လှစ်ထားတဲ့ လက်လီရောင်းချတဲ့ဆိုင်တွေတင်မကဘဲ လက်ကားရောင်းချတဲ့ ကုန်စုံဆိုင်နဲ့ စားသောက်ကုန်ရောင်းတဲ့ အရောင်းဆိုင်ကြီးအတော်များများမှာပါ ပစ္စည်းထည့်တဲ့အိတ်တွေကို အခမဲ့ မပေးတော့တာ ဖြစ်ပါတယ်။
အစစအရာရာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပြီး တွက်ခြေမကိုက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်တွေက အခုလို လုပ်ဆောင်လာကြတာလို့ ဆိုင်ရှင်တွေက ဆိုပါတယ်။
လက်လီမုန့်အရောင်းဆိုင်ပိုင်ရှင်တယောက်က “ကျမတို့ကိုယ်တိုင် လက်ကားဒိုင်မှာ မုန့်ကို သိန်းနဲ့ချီပြီး ဘယ်လောက်ဖိုးပဲဝယ်ဝယ်၊ ကိုယ့်ကျွတ်ကျွတ်အိတ် ကိုယ်သယ်သွားရတယ်။ ထည့်ဖို့အိတ် မပါရင် သူတို့ဆီမှာ ဝယ်ရတယ်၊ အလကား မပေးတော့ပါဘူး။ အဲဒီလို ဝယ်သုံးနေရတာ တလကျော် ကြာပါပြီ။ အဲဒီလိုပဲ ကျမတို့ဆိုင်မှာ လာဝယ်တဲ့ဝယ်သူကိုလည်း ပစ္စည်းတခုလောက် ဝယ်ရုံနဲ့ ကျမတို့အိတ်နဲ့ မထည့်ပေးတော့ပါဘူး။ အိတ်တွေ အရမ်းဈေးကြီးလာတော့ အရင်လို ဖောဖောသီသီ မသုံးပေးနိုင်တော့ပါဘူး”လို့ ပြောပါတယ်။
အိတ်ဖိုးအနေနဲ့ အိတ်အရွယ်အစားကို လိုက်ပြီး အနည်းဆုံး ကျပ် ၁၀၀ ကနေ ၁,၅၀၀ လောက်အထိ သီးသန့်တွက်ချက် တောင်းခံနေကြတာလို့ ဆိုပါတယ်။
တချို့ဆိုင်တွေကလည်း ကုန်ပစ္စည်းအပေါ်မှာ အမြတ်ကို ပုံမှန်ထက် အနည်းငယ်ပိုတင်ပြီး အိတ်ဖိုး သီးသန့်မတောင်းတာတွေလည်း ရှိတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
လမ်းမတော်မြို့နယ်က မုန့်မျိုးစုံရောင်းချတဲ့ လက်ကားဒိုင်တယောက်ကလည်း “ပစ္စည်းဈေးကိုက အရမ်းလည်း တင်လိုက်လို့မရဘူး။ ဆိုင်တွေက အပြိုင်ဆိုတော့ ကိုယ့်ဆိုင်က ဈေးကြီးတယ်ဆိုပြီး မိတ်ပျက်မှာလည်း စိုးရတယ်။ အဲဒီတော့ ပြန်ထည့်ပေးဖို့အိတ်ရှိရင်တော့ အတတ်နိုင်ဆုံး ထည့်ပေးလိုက်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ထည့်ပေးရတဲ့အိတ်ရဲ့ ဆိုဒ်ပေါ် မူတည်ပြီး အနည်းဆုံး ၂၀၀ လောက်ကစပြီး တောင်းပါတယ်။ အများကြီးတော့လည်း တောင်းလို့မရဘူးပေါ့။ အိတ်တွေက အရမ်းဈေးကြီးလာတော့ ဒါတွေကအစပါ အကုန်ထည့်တွက်နေရတာပါ” လို့ ဆိုပါတယ်။
အခုလို ပစ္စည်းထည့်ဖို့အိတ်ဖိုးကို သီးသန့်တွက်ချက် ကောက်ခံလာတာကြောင့် ရောင်းသူနဲ့ ဝယ်သူအကြား အချင်းများရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပြီး အများပြည်သူတွေအကြားမှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။
အိမ်ရှင်မတယောက်က “အစစအရာရာ ကုန်ကျစရိတ် အရမ်းများနေတဲ့အချိန်မှာ အိတ်ဖိုးအတွက် အပိုထပ်ဆောင်းပေးရသလို ဖြစ်နေတာပေါ့။ ကိုယ်လည်း သွားဝယ်တိုင်း အိတ်က မသယ်သွားနိုင်ဘူး။ အဆင်ပြေတဲ့အခါလည်းရှိသလို မပြေတဲ့အခါလည်း ရှိတယ်။ အခုဖြစ်နေတာက ရပ်ကွက်ထဲကဆိုင်တွေနဲ့ တခြား မီနီမတ်ကတ်တွေမှာတော့ အခုလို မဟုတ်သေးပါဘူး” လို့ ပြောပါတယ်။
တဖက်မှာလည်း ပလတ်စတစ်အိတ် သုံးစွဲတာနဲ့ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ပြနေကြပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်ကို တနည်းအားဖြင့် ပြန်လည်ထိန်းသိမ်းရာ ရောက်တယ်လို့ ထောက်ပြပြောဆိုတာတွေလည်း ရှိနေကြပါတယ်။











