
မြန်မာပြည်တွင်းမှာ စားအုန်းဆီဈေးတွေ အဆမတန် မြင့်တက်လာမှုကြောင့် အခြေခံမိသားစုတွေအနေနဲ့ စားအုန်းဆီဝယ်ယူမှုမှာ အခက်ကြုံနေကြရပြီး နေ့စဉ် ချက်ပြုတ်ရာမှာ ဆီအသုံးပြုမှုနဲ့ စားသောက်မှုပုံစံတွေမှာ လျှော့ချနေကြရကြောင်း အိမ်ထောင်ရှင်မတွေက ပြောပါတယ်။
နေ့စဉ် ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ စားသုံးဆီဈေးတွေဟာ အဆမတန် မြင့်တက်လာနေပြီး တရက်ထက် တရက် ဈေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ စားအုန်းဆီကို ဝယ်ယူစားသောက်ဖို့ အခက်ကြုံနေကြပြီး ဆီအသုံးပြုမှုကို လျှော့ချဖို့ ကြိုးစားနေကြရကြောင်း အိမ်ထောင်ရှင်မတွေဆီကနေ သိရပါတယ်။
ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မတယောက်က “ဆီဈေးတွေက မတရား ခေါင်ခိုက်ပြီးတော့ ထိုးတက်နေတာ။ အဲဒီဆီတွေကလည်း ဆိုင်တွေမှာ သူတို့အစိုးရကပေးတဲ့ ဈေးနှုန်းကလည်း အပြင်ထဲက သိပ်မကွာလှတော့ဘူး။ တထောင် နှစ်ထောင်လောက်ပဲ ကွာတဲ့အခါကျတော့ အပြင်မှာပဲ ဝယ်စားတာများတယ်။ ကိုယ်တွေဆို ထုတ်လည်း မထုတ်နိုင်တော့ဘူး။ သွားပြီးတော့ အဲဒီမှာလည်း ဒုက္ခမခံနိုင်တော့ဘူး။ တပတ်ကို အစိတ်သားပေး ငါးဆယ်သားပေးနဲ့၊ အချိန်က ဟိုပြောင်း ဒီပြောင်း ရက်လည်း အမှန်မရှိဘူး။ ဒီကြားထဲမှာ ဆီငါးဆယ်သား ဝယ်ရင်လည်း လက်လေးလုံးလောက်က လျော့သေးတယ်။ ငါးကျပ်သားလောက် လျော့တယ် ငါးဆယ်သားကို။ ဆီဈေးက ထပ်တက်ဦးမှာတဲ့။ အဲဒီတော့ ဒီဆီလည်း စားဖို့က သိပ်မလွယ်တော့ဘူး။ အသီးအရွက်တွေလည်း ပြုတ်ပဲ စားရတော့မယ်၊ ဆီဈေးနဲ့ မလွယ်တော့ဘူး။ တပိဿာကို နှစ်ထောင် တက်တယ်ပေါ့၊ တထောင် တက်တယ်ပေါ့၊ အဲဒီလိုမျိုးတက်လာတာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) က သန်းခေါင်စာရင်းရှိတဲ့ အိမ်ထောင်စုတစုကို တပတ်မှာ တပိဿာကို ၈,၀၀၀ ကျပ်ဈေးနဲ့ စားအုန်းဆီ ၅၀ ကျပ်သားစီ ရောင်းချပေးနေပေမဲ့ ဆီဆိုင်ကြီးတွေကတော့ တပိဿာကို ၁၆,၀၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ဒီအတွက်ကြောင့်ပဲ ပြင်ပ လက်လီဆိုင်လေးတွေမှာ စားအုန်းဆီတပိဿာကို ၁၈,၀၀၀ ကနေ ၂၂,၀၀၀ ထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။ နေရာဒေသကိုလိုက်ပြီး စားအုန်းဆီဈေးတွေကလည်း မတူညီကြောင်းလည်း သိရပါတယ်။
ခရမ်းမြို့မှ အိမ်ထောင်ရှင်မတယောက်က “အပြင်က စားဆီဈေးက သူက တပိဿာကို နှစ်သောင်း၊ နှစ်သောင်းနှစ်ထောင် အဲလိုမျိုး ဖြစ်နေတယ်။ အစိုးရဆီက အစိုးရဆီကတော့ သူက ငါးဆယ်သား ပေးနေတာရှိတယ်။ အဲဒါကကျတော့ ရှစ်ထောင်ဈေးပေါ့နော်။ အဲလိုဆို တချို့လူတွေက ကျတော့လည်း မရတဲ့လူတွေ ရှိတယ်လေ။ သူတို့က သန်းခေါင်စာရင်း ရှိတဲ့လူကိုပဲ ပေးတာလေ။ ဧည့်စာရင်းနဲ့ နေတဲ့လူကို ဒီဆီက မရဘူးလေ။ မရတဲ့အခါကျတော့ စားဆီကို နှစ်သောင်းကျော် ပေးပြီး စားဖို့ကတော့ တချို့ကျလည်း ခက်ခဲတာပေါ့၊ အခက်အခဲတော့ ဖြစ်တာပေါ့။ တချို့ဆို ဆီကို ဝယ်မစားနိုင်ကြတဲ့ အခြေအနေတောင် ရှိတယ်လေ” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ရဲ့ စားအုန်းဆီ ပြင်ပ လက်ကားဈေးမှာ တပိဿာကို ၁၅,၀၀၀ ကျပ်ကနေ စပြီး ၂၂,၀၀၀ ထိ ဆီအသန့် ဆီအရော စသဖြင့် အစားစားရှိကြောင်း ဆီဆိုင်ကြီးတွေက ကြေညာနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကတော့ စားအုန်းဆီ တပိဿာကို ကျပ်သုံးသောင်းဝန်းကျင်ထိ ဈေးတွေ မြင့်တက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ စားအုန်းဆီတင်သွင်းမှုကို ၃၀ ရာခိုင်နှုန်းကျော် လျှော့ချ ကန့်သတ်ထားတာကြောင့် ဈေးကွက်အတွင်း ဆီခွဲတမ်း လျော့နည်းလာပြီး ဝယ်ယူရရှိမှု ခက်ခဲလာတာ ဖြစ်ပါတယ်။
ပုံမှန် တနှစ်မှာ စားအုန်းဆီ တန်ချိန် ၈ သိန်းကနေ တန်ချိန် ၁ သန်းဝန်းကျင် တင်သွင်းရပေမဲ့လည်း ၂၀၂၆ ခုနှစ်မှာတော့ တန်ချိန် ၆ သိန်းကျော်သာ တင်သွင်းဖို့ ကန့်သတ်ထားပြီး မြို့နယ်အလိုက် ဆီခွဲတမ်းတွေကိုလည်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တာကြောင့် အခုလို စားသုံး ဆီပြတ်လပ်မှုနဲ့ ဈေးမြင့်တက်မှုတွေ ကြုံနေတာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။











