
ဧရာဝတီတိုင်းအတွင်း စားအုန်းဆီအဝင်နည်းပါးလာတာကြောင့် လက်ကျန်ဆီတွေကိုသာ ချွေတာ ရောင်းချနေရပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ပထမအပတ်ကစပြီး ဧရာဝတီတိုင်းအတွင်းကို စားအုန်းဆီအဝင်နည်းပါးလာတာကြောင့် အရောင်းဆိုင်တွေမှာ လက်ကျန်ဆီတွေကိုသာ ချွေတာရောင်းချနေရပြီး ဝယ်ယူသူတွေအနေနဲ့လည်း လိုအပ်သလောက် ဝယ်ယူမရတဲ့ အခြေအနေတွေ ရှိလာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက စားအုန်းဆီဖြန့်ဖြူးရောင်းချသူတယောက်က “အရင်ကထက် ဆီအဝင်နည်းလာ တယ်။ အခုဆို လက်ကျန်ဆီနဲ့ပဲ ချွေတာရောင်းနေရတယ်။ ဆီအဝင်နည်းလာတော့ ဈေးနှုန်းတွေ လည်း တက်လာတယ်။ ဝယ်လိုအားရှိပေမဲ့ ရောင်းဖို့ဆီက လုံလောက်မှုမရှိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ဝယ်ယူ သုံးစွဲဖို့ အခက်အခဲတွေရှိလာပြီး ဈေးနှုန်းသက်သာတဲ့ စားအုန်းဆီရရှိဖို့လည်း မျှော်လင့် နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ဆီက နေ့တိုင်းသုံးနေရတာဆိုတော့ ဈေးတက်လာရင် အခက်အခဲဖြစ်တယ်။ အခုလို ဆီအဝင်နည်းပြီး ဈေးတက်လာတော့ အိမ်သုံးဖို့တောင် ချွေတာဝယ်ယူနေရတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အောက်တိုဘာလ ဒုတိယအပတ်လောက်ကစပြီး စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ စားအုန်းဆီကို လိုသလောက် ဝယ်ယူမရတဲ့ အခြေအနေအထိ ဖြစ်လာတဲ့အပြင် ဆီတပိဿာကို ကျပ် ၂၇,၀၀၀ ကနေ ၃၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
အရင်က ပြည်သူတွေအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ စားအုန်းဆီတွေ ဖြန့်ဖြူးရောင်းချပေးခဲ့ပေမဲ့ လက်ရှိမှာ ဆီအဝင်နည်းပါးလာတာကြောင့် ဖြန့်ဖြူးရောင်းချမှုတွေအပေါ်မှာလည်း အခက်အခဲတွေ ရှိလာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်က အာဏာမသိမ်းခင်အထိ စားအုန်းဆီတစ်ပိဿာကို ကျပ် ၂,၀၀၀ ကနေ ၂,၅၀၀ အထိသာ ဈေးပေါက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။











