MSME စျေးရောင်းပွဲတော်၌ ပြည်သူများ စားအုန်းဆီ တိုးဝယ်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်တဲ့ တန်ဆောင်တိုင်ကာလ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) စျေးရောင်းပွဲတော်မှာ စားအုန်းဆီ ၁ ပိဿာကို ကျပ် ၉,၀၀၀ နဲ့ ရောင်းချပေးတာကြောင့် ပြည်သူရာနဲ့ချီကာ တိုးဝယ်ကြတယ်လို့ သွားရောက်ခဲ့သူတွေဆီက သိရပါတယ်။
စားအုန်းဆီ ၁ ပိဿာကို ပြင်ပမှာ ကာလပေါက်စျေး ကျပ် ၂၀,၀၀၀ ကျော်နေချိန် စားအုန်းဆီ ၁ ပိဿာကို ကျပ် ၉,၀၀၀ နဲ့ အကန့်အသတ်မရှိ ရောင်းချပေးတာကြောင့် တန်းစီဝယ်ကြတာလို့ ဝယ်ယူခဲ့သူတယောက်က DVB ကို ပြောပါတယ်။
“စားအုန်းဆီက အပြင်မှာ ကျပ် ၂၀,၀၀၀ ကျော်တယ်။ ဒီမှာက လူတယောက်ကို ၁ ပိဿာ ကျပ် ၉,၀၀၀ နဲ့ ရောင်းပေးဆိုတော့ တန်းစီပြီးဝယ်တဲ့သူ ရာနဲ့ချီရှိတယ်။ ၁၀,၀၀၀ ကျော် သက်သာလည်း အိမ်စရိတ်သုံးလို့ရတယ်။”
ရပ်ကွက်ထဲမှာ ဆီ ၅၀ သားရဖို့ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးတဲ့ ဆီစာအုပ်လိုပြီး ပြည်သူ့ရင်ပြင်မှာ ရောင်းချပေးတဲ့ စားအုန်းဆီမှာ ဘာမှမလိုအပ်ဘဲ ဝယ်ယူလို့ရတာကြောင့် တိုးဝှေ့ဝယ်ယူသူ များတာလို့ နောက်ထပ်ဝယ်ယူခဲ့သူတယောက်က ပြောပါတယ်။
“ရပ်ကွက်မှာဆို စားအုန်းဆီ ၅၀ သားရဖို့ ရုံးကထုတ်ပေးတဲ့ ဆီစာအုပ်ရှိမှရတာ။ ဒါတောင် ၅၀ သား မပြည့်ဘူး။ ဒီမှာကျတော့ ဘာမှမလိုဘူး။ တယောက်ကို ၁ ပိဿာ ရောင်းပေးတာ။ မိသားစုဦးရေ အများနဲ့ လာတိုးဝယ်တဲ့သူဆို ၃ ပိဿာထိ ရကြတယ်။”
MSME စျေးရောင်းပွဲတော်မှာ တခြားကုန်ပစ္စည်းရောင်းချတာရှိပေမဲ့ စျေးနှုန်းသက်သာတဲ့ စားအုန်းဆီကို တန်းစီဝယ်ယူသူများတယ်လို့ သူက ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့ စားအုန်းဆီ ပြင်ပပေါက်စျေးဟာ ကျပ် ၁၉,၀၀၀၊ ၂၀,၀၀၀ နဲ့ ၂၁,၀၀၀ အထိရှိပြီး စျေးနှုန်းတွေက မြို့နယ်အလိုက် ကွာခြားမှုရှိပါတယ်။
ဒီနှစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ၄ ရက်တိုင် ပြုလုပ်မှာ ဖြစ်ပါတယ်။











