
ရန်ကုန်တိုင်းမှာ ပြည်သူတွေအတွက် စားအုန်းဆီခွဲတမ်း တလကို တအိမ်ထောင် ၃ ပိဿာ ပေးတယ် ဆိုပေမဲ့ မြေပြင်မှာ တကယ်မရကြောင်း အောက်တိုဘာ ၂၀ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင် ဩဇာခံ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ သုံးခွမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ဦးလှဌေးက ပြောပါတယ်။
မြေပြင်မှာ လက်သင့်ရာခန့်ထားတဲ့ ဆီကိုယ်စားလှယ်တွေက လုပ်ချင်သလိုလုပ်ပြီး ရောင်းချင်တဲ့ ပုံစံနဲ့ ရောင်းနေတာကြောင့် စားအုန်းဆီ ရောင်းချမှုပုံစံနဲ့ပတ်သက်ပြီး သုံးခွမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ဦးလှဌေးက ကြယ်ပွင့်ပြမေးခွန်အနေနဲ့ မေးမြန်းခဲ့တာပါ။
တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက “လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဝန်ကြီး ပြောသလို လူတယောက် ၃ ပိဿာ မြေပြင်မှာ မရပါဘူး။ အဲဒီလိုမရတဲ့ နေရာတွေအများကြီးပါ။ ဆီကိုယ်စားလှယ်တွေကို လက်သင့်ရာ ခန့်ထားပြီး အဲဒီကိုယ်စားလှယ်တွေက လုပ်ချင်တဲ့ပုံစံ လုပ်တယ်၊ ရောင်းချင်တဲ့ပုံစံနဲ့ ရောင်းနေတဲ့အတွက်ကြောင့် ပြည်သူတွေမှာ အခက်အခဲ အများကြီးရှိပါတယ်။ အဲဒီလို ရောင်းချင်တိုင်း ရောင်းနေတဲ့ ပုံစံ၊ လုပ်ချင်တိုင်း လုပ်နေတဲ့ ပုံစံတွေကို စီမံခန့်ခွဲမှုလမ်းမှားတွေကို ဆက်လက်ပြီး လက်ခံကျင့်သုံးသွားမယ်ဆိုရင်တော့ ကျင့်သုံးလက်ခံတဲ့သူ တွေမှာ တာဝန်ရှိနေမှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့တာပါ။
ရန်ကုန်တိုင်းအတွင်း စားသုံးသူတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားတဲ့ ဖြန့်ဖြူးပုံစံဖြစ်တဲ့ သက်ဆိုင်ရာမြို့နယ်အတွင်း ရောင်းချဖြန့်ဖြူးရမဲ့ ကုမ္ပဏီတွေ က ရွေးချယ်တဲ့ လက်ကား၊ လက်လီကိုယ်စားလှယ်တွေကတဆင့် ပြည်သူတွေထံ ဖြန့်ဖြူး ရောင်းချ ပေးနေတယ်လို့ စစ်အာဏာရှင်ခန့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။
“ကျနော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ကို ဝန်ကြီးအပြောင်းအလဲလည်း လုပ်ပေး ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း လက်တွေ့ကျကျဆောင်ရွက်လျက် ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုတွဲများလည်း တက်ရောက်လျက်ရှိပါတယ်။ ဒီနေ့မှာပဲ ဒီကိစ္စအတွက် အစည်းအဝေး ရှိပါတယ်။ အဲဒီတော့ အစည်းအဝေးကနေ ပြန်ထွက်လာတဲ့ အခါကျလို့ရှိရင် ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးကို နောင်အခါ ကျနော် လွှတ်တော်မှာပဲ ဆက်လက် တင်ပြဆွေးနွေးသွားပါမယ်။”
စားသုံးဆီတွေကို စားသုံးသူတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကုမ္မဏီတွေက တဆင့် မြို့နယ်အတွင်းရှိ ဆီလက်လီလက်ကားသမားတွေကို ပြန်ဖြန့်ဝေပေးတာ ကြောင့် ဆီအလုံအလောက်မရတာလို့ လက်ကားရောင်းချသူတယောက်က DVB ကိုပြောပါတယ်။
“ကော်မတီကနေ ကုမ္ပဏီတွေကို လွှဲပေးလိုက်လို့ အခုလိုပြဿနာတက်တာ။ အရင်က ရပ်ကွက် တခုကို လူဦးရေ ၄၀၀ စာပေးတယ်။ အဲဒီနောက် လူဦးရေ ၂၀၀ စာရတော့တယ်။ တဖြည်းဖြည်း လျှော့လာတာ အခုဆို ရပ်ကွက်တခု လူဦးရေ ၅၀ စာပဲရတော့တယ်။ ကုမ္ပဏီတွေက မှောင်ခိုဈေးကွက်မှာ စာအုန်းဆီကို ပြင်ပပေါက်ဈေး ပြန်ရောင်းနေတော့ အပြည့်အဝမ မရတော့ဘူး။”
လက်ရှိရန်ကုန်မှာ စားအုန်းဆီပြင်ပပေါက်ဈေးမှာ ၁ ပိဿာကို ၂၆,၀၀၀ အထိရှိပြီး ရပ်ကွက် အတွင်းရှိ ဆီကိုယ်စားလှယ်ဆိုင်တွေမှာ ဆီစာအုပ်နဲ့ထုတ်ယူတဲ့ဈေးမှာ ၅၀ ကျပ်သားကို ၃,၇၅၀ ကျပ် ရှိပါတယ်။











