
ရန်ကုန်မှာ အိမ်ထောင်စုတွေအတွက် စားအုန်းဆီကို တလတကြိမ်သာ ပေးတော့မှာဖြစ်ပြီး လက်ရှိမှာ စာရင်းတွေ ပြန်ကောက်ခိုင်းနေတယ်လို့ ဆီခွဲတမ်းနဲ့ ရောင်းချသူတွေဆီက သိရပါတယ်။
လူဦးရေအပေါ်မူတည်ပြီး စားအုန်းဆီကို တလတကြိမ်သာ ရောင်းချပေးသွားမှာဖြစ်ပြီး အဆိုပါ အစီအစဥ်ကို နိုဝင်ဘာလမှာ စတင်မှာလို့ ခွဲတမ်းနဲ့ရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
“လူတယောက်ကို တလကို ဆီ ၅၀ သားနှုန်းနဲ့ပေးမှာ၊ သန်းခေါင်စာရင်းထဲမှာ လူ ၂ ယောက်ရှိရင် ၁ ပိဿာရမယ်၊ ၆ ယောက်ရှိရင် ၃ ပိဿာရမယ်၊ လူ ၁၀ ယောက်ရှိရင် ၅ ပိဿာရမယ် တလကို။ ကြိုက်တဲ့အချိန်ထုတ် တကြိမ်ပဲရမှာ။”
ဧည့်စာရင်းနဲ့ဖြစ်စေ၊ သန်းခေါင်စာရင်းနဲ့ဖြစ်စေ လူဦးရေအရ စားအုန်းဆီကို တယောက်ကို ၅၀ သားနှုန်းထားနဲ့ ပေးသွားမှာဖြစ်ပြီး လတ်တလောမှာ စာရင်းကောက်ယူနေတယ်လို့ မြောက်ဥက္ကလာပမြို့မှ စားအုန်းဆီ ခွဲတမ်းနဲ့ရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
“မြို့နယ်မှာ အစည်းအဝေးလုပ်ပြီး ညွှန်ကြားလိုက်တာ။ ကျနော်တို့လည်း စာရင်းတွေ ပြန်ကောက်နေရတယ်။ သန်းခေါင်စာရင်းရော၊ ဧည့်စာရင်းရော လူဦးရေအရပဲ ပေးမှာ။ နိုဝင်ဘာလထဲမှာ စပေးမယ်ထင်တယ်။”
ဒီသတ်မှတ်ချက်ဟာ လူဦးရေများတဲ့ မိသားစုတွေအတွက် ပြဿနာမရှိပေမဲ့ လူဦးရေနည်းတဲ့ မိသားစုတွေအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ဆီထုတ်နေသူတယောက်က DVB ကို ပြောပါတယ်။
“လူဦးရေ ၇ ယောက် ၈ ယောက် ရှိတဲ့သူက ပြဿနာမရှိပေမဲ့ ၂ ယောက်တည်းရှိတဲ့ သူတွေကျတော့ တလကို ၁ ပိဿာပဲရမဲ့သဘော ဖြစ်သွားတာပေါ့။ ဆီက အရင် ၆ ကြိမ်ပေးတာကနေ ၄ ကြိမ်၊ အဲ့ကနေ ၃ ကြိမ်၊ အခုဆို ၁ ပိဿာပဲ ရမဲ့အနေအထား ဖြစ်သွားပြီ။”
အောက်တိုဘာ ၂၀ ရက်က စစ်အာဏာရှင်ဩဇာခံ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ သုံးခွမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းမှာ စားအုန်းဆီခွဲတမ်း တလကို တအိမ်ထောင် ၃ ပိဿာ ပေးတယ်ဆိုပေမဲ့ မြေပြင်မှာ တကယ်မရကြောင်း ပြောဆိုပြီးနောက် ဆီကုန်သည်အသင်းက အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။











