
ရန်ကုန်မှာ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အပါအဝင် မီးဖိုချောင်သုံး ပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်လာတာကြောင့် ဆင်ခြေဖုံး ရပ်ကွက်တွေမှာ တချို့သော ထမင်း၊ ဟင်း ချက်ပြုတ်ရောင်းချသူအနေနဲ့ လုပ်ငန်းယာယီ ရပ်နားထားရပါတယ်။
ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အပါအဝင် ဟင်းသီးဟင်းရွက်နဲ့ သားငါး ဈေးနှုန်းတွေ အကုန်လုံး တက်လာပြီး ဝယ်ရတဲ့ဈေးနဲ့ ပြန်ရောင်းရတဲ့ဈေး မကိုက်တာကြောင့် လက်တလော ဈေးရောင်းတာ ခဏနားထားရတယ်လို့ ဟင်းချက်ရောင်းသူတယောက်က ပြောပါတယ်။
“အရင်က အသီးအရွက်တပွဲ ကျပ် ၁,၀၀၀၊ ဟင်းတပွဲကို ၁,၅၀၀၊ ၂,၀၀၀ ရောင်းတာပါ။ အခုကျတော့ ဆီတဆယ်သားကို ၂,၈၀၀ နဲ့ ၃,၀၀၀၊ ကြက်သွန်နီတဆယ်သား ၁,၅၀၀၊ ကြက်သွန်ဖြူ ၂,၂၀၀၊ အချိုမှုန့် အသေးတထုပ်ကို ၃,၅၀၀ နဲ့ ၄,၀၀၀ ကြား ရှိနေပါတယ်။ ဒါကြောင့် ဟင်းတပွဲကို ၃,၀၀၀၊ ၃,၅၀၀ လောက် ရောင်းမှ အဆင်ပြေမှာဖြစ်ပေမဲ့ အဲဒီဈေးကျတော့လည်း လက်လုပ်လက်စားတွေ မဝယ်စားနိုင်ကြပါဘူး။ ရောင်းတဲ့နေရာကလည်း ရပ်ကွက်ထဲမှာဆိုတော့ လက်ရှိ ဟင်းရောင်းတာကို ခဏရပ်ထားရပါတယ်။”
ဆန်ဈေးတွေမှာလည်း တပြည်ကို အနိမ့်ဆုံး ကျပ် ၆,၀၀၀ ကနေ ၁၃,၅၀၀ အထိ ဖြစ်လာတာကြောင့် ထမင်းတထုပ်ကို အရင် ကျပ် ၁,၀၀၀ ရောင်းနေရာကနေ ၁,၅၀၀ အထိ တိုးမြှင့်ရောင်းချနေရတယ်လို့ သိရပါတယ်။
ဟင်းချက်ရာမှာ ပါဝင်တဲ့ ဆက်စပ်ပစ္စည်း အားလုံးနီးပါး ဈေးတက်လာတာကြောင့် တပိုင်တနိုင် ဟင်းချက်ရောင်းသူတွေအတွက် ရေရှည် ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အထည်ချုပ်စက်ရုံရှေ့က ဟင်းချက်ရောင်းသူတယောက်က ပြောပါတယ်။
“သားဈေး၊ ငါးဈေးကလည်း တက်တယ်။ ဟင်းသီးဟင်းရွက်ကလည်း တစည်းကို ၁,၀၀၀၊ ၁,၅၀၀ ပါ။ နံနံပင် ဆိုရင်တောင် တဆယ်သား ၃,၅၀၀ ပေးဝယ်ရပါတယ်။ အရောင်တင်မှုန့်၊ ငရုတ်သီးခွဲကြမ်း၊ နနွင်းမှုန့်၊ ငရုတ်သီးလှော်မှုန့် အဲဒါတွေ အကုန်လုံး တဆယ်သားကို ၃,၅၀၀ နဲ့ ၄,၀၀၀ ပဲ ရှိပါတယ်။ ငရုတ်ကောင်းဆို တဆယ်သား ၁၃,၀၀၀ အထိ ဖြစ်သွားတော့ ဟင်းတပွဲကို ဘယ်ဈေးနဲ့ ရောင်းရမှန်းကို မသိတော့ပါဘူး။”
သားငါး ဈေးနှုန်းတွေအနေနဲ့ တဆယ်သားကို ဝက်သားနဲ့ အမဲသား ၃,၅၀၀ ကနေ ၄,၀၀၀၊ CP ကြက်သား ၂,၅၀၀ ကနေ ၃,၀၀၀၊ ဗမာကြက် ၆,၀၀၀၊ ဆိတ်သား ၆,၀၀၀ ကနေ ၈,၀၀၀၊ ငါး ၂,၅၀၀ ကနေ ၃,၅၀၀၊ ပုစွန် တဆယ်သား ၄,၀၀၀ ကနေ ၄,၅၀၀၊ ကြက်ဥနဲ့ ဘဲဥ တလုံးကို ၇၀၀ ကနေ ၈၀၀ အထိ ရှိနေပြီး ဟင်းသီးဟင်းရွက်တွေမှာလည်း တစည်းကို ၁,၀၀၀ ကနေ ၁,၅၀၀ အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရတာကြောင့် ထင်း၊ မီးသွေးနဲ့ ဂတ်စ်မီးဖိုတွေကို အသုံးပြုရတာမို့ ဟင်းချက်ရောင်းသူတွေရဲ့ ဘဝဟာ “တံပိုးထက် လက်ခကြီး” တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်က ဟင်းချက်ရောင်းသူတယောက်က ပြောပါတယ်။
“ကုန်ဈေးနှုန်းကလည်း ကြီး၊ လျှပ်စစ်မီးကလည်း ပေးချင်သလို ပေးနေတော့ မီးပြတ်တဲ့အချိန်ဆို ထင်း၊ မီးသွေးနဲ့ ဂတ်စ် ဝယ်ချက်ရပါတယ်။ အမြတ် မကျန်ရတဲ့အထဲ အဲဒါတွေပါ ဝယ်သုံးနေရတော့ တံပိုးထက် လက်ခကြီးသလို ဖြစ်နေရပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်တုန်းက ထမင်းတထုပ်ကို ကျပ် ၃၀၀ နဲ့ ၅၀၀၊ ဟင်းသီးဟင်းရွက် တပွဲကို ၃၀၀ နဲ့ သားငါးဟင်း တပွဲကို ၅၀၀ ကနေ ၁,၀၀၀ သာ ပေးခဲ့ရတယ်လို့ စားသုံးသူတွေဆီကနေ သိရပါတယ်။











