
ရန်ကုန်တိုင်းအတွင်း ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ ဆန္ဒပြပါက အသင့်အနေအထားဖြစ်ဖို့ ရဲစခန်းတွေကို စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်း ရဲမှူးချုပ် ကိုကိုလွင်က ရက်ပိုင်းအတွင်း လိုက်လံစစ်ဆေးမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတယောက်က ပြောပါတယ်။
ရဲအရာရှိက “ပြည်သူတွေကြား အလုပ်လက်မဲ့ ဖြစ်တာတွေနဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ပြည်သူတွေ အုံကြွမှု ဖြစ်လိမ့်မယ်ပေါ့။ ဒါပေမဲ့ အရင်လို NLD ကလူတွေ မရှိတာနဲ့ လတ်တလော အခြေအနေတွေကြောင့် ဦးဆောင်သူက ဘယ်ဘက်ကဆိုတာ မသေချာဘူး ဖြစ်နေတယ်ပေါ့။ အဲဒါကြောင့် လုံခြုံရေးတွေ အထူးသတိရှိကြဖို့ မှာတယ်။ ရန်ကုန်တိုင်းက ရဲစခန်းတချို့ကိုလည်း ရဲမှူးချုပ်ကိုယ်တိုင် လိုက်စစ်မယ်” လို့ DVB ကို ပြောပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် လူထုမကျေနပ်မှုနဲ့ ဆူပူမှုတွေ ဖြစ်လာရင် အင်အားသုံး ကိုင်တွယ်ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ အောက်တိုဘာ ၁၇ ရက်က မြို့နယ်ရဲတပ်ဖွဲ့မှူးတွေနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတွေကို အစည်းအဝေးခေါ်ယူပြီး တိုင်းရဲမှူးချုပ်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ အခြေခံစားသောက်ကုန်တွေ ဝယ်ယူစားသုံးနေရတဲ့ ပြည်သူတွေအတွက် စီးပွားရေးဖိအား ဖြစ်လာချိန် စစ်အာဏာရှင်ဘက်က အင်အားသုံးဖိနှိပ်ဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မှာ ကြက်ဥ ၁၀ လုံး ၆,၅၀၀ ကျပ်၊ ဘဲဥ ၁၀ လုံး ၇,၀၀၀ ကျပ်၊ ကြက်သား ၁၀ သား ၃,၀၀၀ ကျပ်၊ ဝက်သား ၁၀ သား ၃,၅၀၀ ကျပ်၊ စားအုန်းဆီ တပိဿာ ၂၀,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁၀ သား ၁,၅၀၀ ကျပ် စတဲ့ အခြေခံစားသောက်ကုန်ဈေးတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။











