
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင် ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်က ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ စနဲမင်းပြင်ကျေးရွာ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျိုင်ရိုကော်ပတာတစီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အရပ်သား ၂ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နွားတကောင် သေဆုံး၊ နောက်တကောင် ဒဏ်ရာရရှိခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖြူ စစ်ဘေးရှောင် အမျိုးသားတယောက်က “စနဲမင်းပြင်ကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာချသွားပါတယ်။ စစ်ရှောင်စခန်းမှာ ကျတာကြောင့် ၂ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရပါတယ်။ အိမ်တွေရော ပျက်စီးပြီး နွားတွေလည်း သေပါတယ်။ မနေ့ကလည်း စနဲမင်းပြင်ကို ဂျက်ဖိုက်တာနဲ့ ကြဲတာကြောင့် ၁၁ ယောက်တောင် ဒဏ်ရာရခဲ့ပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီလောက်ကလည်း စနဲမင်းပြင်ရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၆ ယောက်၊ စုစုပေါင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက် ညသန်းခေါင်ယံမှာလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် အနီးဝန်းကျင်ရှိ စစ်တပ်ရဲ့ တပ်စခန်းဟောင်းတွေဖြစ်တဲ့ ခမရ ၅၃၉ နဲ့ အမတ ၃၇၇ နေရာ ၂ ခုကို ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ၁၃ ကြိမ်၊ Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ အထိ အုပ်စုလိုက် တညလုံး ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာနေတာကြောင့် ရခိုင်ပြည်နယ်အတွင်း နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားနေတာကြောင့် ဒေသခံတွေမှာ လုံခြုံမှုမရှိဘဲ စိတ်ဓာတ်ကျစရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပေါက်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
နိုဝင်ဘာ ၁ ရက် တရက်တည်းမှာတင် ကျောက်တော်မြို့နယ် ယိုးချောင်းတံတား၊ မြောက်ဦးမြို့နယ်ရှိ ယာယီဆေးကုခန်းနဲ့ သားဖွားဆောင်၊ ဝီရဌာနေမြို့ပေါ်နဲ့ ရွာချောင်းကြီးရွာ၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်တယောက် အပါအဝင် သေဆုံးသူ ၁၂ ယောက် ရှိခဲ့ပြီး ကလေးငယ်တွေနဲ့ လူကြီး စုစုပေါင်း ၃၂ ယောက်အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။











