ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောကြီး ၁ စင်း ရေအောက်မိုင်း ထိမှန်ပျက်စီး

ဟော်မုဇ်ရေလက်ကြား အရှေ့ဘက် ကန့်သတ်နယ်မြေအတွင်းမှာ လမ်းကြောင်းပြစနစ်ကို ပိတ်ထား ပြီး သွားလာနေတဲ့ ရေနံတင်သင်္ဘောတစင်း နိုဝင်ဘာ ၁၆ ရက် ညက ရေအောက်မိုင်းနဲ့ တိုက်မိပြီး ပြင်းထန်စွာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက နိုဝင်ဘာ ၁၇ ရက် မနက်အစောပိုင်းမှာ ထုတ်လွှင့်ဖော်ပြသွားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အဲဒီရေလက်ကြား အရှေ့ဘက်ရေပြင်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ ရေနံတင် သင်္ဘောတွေထဲမှာ ဒီသင်္ဘောဟာ စတုတ္ထမြောက်ဖြစ်တယ်လို့လည်း အီရန်ရေတပ်က ဆိုပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ ထုတ်ပြန်ချက်မှာတော့ သင်္ဘောအမည်၊ လွှင့်ထူထားတဲ့ နိုင်ငံအလံ၊ တင်ဆောင် လာတဲ့ ကုန်ပစ္စည်းနဲ့ သင်္ဘောသားတွေရဲ့ အခြေအနေကို ဖော်ပြထားခြင်း မရှိပါဘူး။
အီရန်နိုင်ငံဟာ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအပေါ် သူတို့ရဲ့ ထိန်းချုပ်မှုကို ပြသဖို့နဲ့ အမေရိကန် ပြည်ထောင်စုအပေါ် ဖိအားပေးဖို့အတွက် ရေလက်ကြားဖြတ်သန်းမဲ့ သင်္ဘောတွေ အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။
ရေလက်ကြားကနေ ဘေးကင်းလုံခြုံစွာ ဖြတ်သွားနိုင်ဖို့ဆိုရင် ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့နဲ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း အီရန်ရေတပ်က အလေးအနက် ပြောကြားထားပါတယ်။
တစ်ဖက်မှာလည်း နိုဝင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီလောက်က အိုမန်နိုင်ငံ၊ ခါဆပ် မြို့ရဲ့ မြောက်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာမှာ ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ရေနံတင် သင်္ဘောတစင်း တိုက်ခိုက်ခံခဲ့ရကြောင်း ပြင်ပသတင်းရင်းမြစ်တခုမှ သတင်းရရှိထားတယ်လို့ ဗြိတိန် ရေကြောင်းကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအဖွဲ့ (UKMTO) က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သင်္ဘောသွားလာနိုင်စွမ်း မရှိတော့ဘဲ စက်ခန်းထဲမှာ မီးလောင်ကျွမ်းခဲ့ပေမဲ့ သင်္ဘောသားတွေကတော့ ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ရှိ၊ မရှိကို မသိရှိရသေးဘဲ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေချိန်အတွင်း သင်္ဘောတွေအနေနဲ့ သတိနဲ့ ဖြတ်သန်းကြဖို့နဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေရှိရင် သတင်းပို့ကြဖို့ UKMTO က တိုက်တွန်း ထားပါတယ်။
Source:Reuters











