
ဟော်မုဇ်ရေလက်ကြားထဲက “ခွင့်မပြုထားတဲ့ လမ်းကြောင်း”အတိုင်း ဖြတ်သန်းမောင်းနှင်ဖို့ ကြိုးစားခဲ့တဲ့ ရေနံတင်သင်္ဘော ၃ စင်းဟာ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
IRGC ရဲ့ တရားဝင်သတင်းဌာန Sepah News မှာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီလောက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ သင်္ဘော ၂ စင်းဟာ ရေလက်ကြားကို ဖြတ်ဖို့ စတင်မောင်းနှင်ချိန်မှာ သူတို့ရဲ့ ရေကြောင်းသွားလာရေးနဲ့ အမှတ်အသားပြစနစ်တွေ အားလုံးကို ပိတ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအထဲက သင်္ဘောတစင်းဟာ ရေမိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ နောက်တစင်းက “ရန်လိုတဲ့” အမေရိကန် တိုက်လေယာဉ်တွေရဲ့ အကာအကွယ်ကိုယူပြီး “တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်ဖို့” ကြိုးစားရင်း ဖြစ်စဉ်တခုကြောင့် မီးလောင်ခဲ့ရတာလို့ ဆိုပါတယ်။
ည ၈ နာရီခွဲလောက်မှာ ထွက်ရှိလာတဲ့ နောက်ထပ် ထုတ်ပြန်ချက်တခုမှာ တတိယမြောက် ရေနံတင်သင်္ဘောတစင်းဟာလည်း အင်္ဂါနေ့ မွန်းလွဲပိုင်းက ခွင့်မပြုထားတဲ့ လမ်းကြောင်းအတိုင်း မောင်းလာရင်း မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာလို့ ရေတပ်က ပြောပါတယ်။
IRGC ကတော့ ရေလက်ကြားထဲက “ခွင့်မပြုထားတဲ့” လမ်းကြောင်းတွေဟာ “မလုံခြုံဘူး” လို့ ထပ်မံသတိပေးထားပြီး “အကြမ်းဖက်” အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြီး ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားသူ မှန်သမျှလည်း ဒီလိုကံကြမ္မာမျိုးပဲ ကြုံရလိမ့်မယ်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ပိုင်နက်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်ဟာ အစ္စရေးနဲ့ အမေရိကန်ပိုင် (သို့မဟုတ်) သူတို့နဲ့ ပတ်သက်နေတဲ့ သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့ပြီး ရေလက်ကြားကို ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











