ဥရောပမှာ အကြီးဆုံး ကာဗွန်ဖမ်းယူရေး စက်ရုံကို နော်ဝေဓာတ်မြေသြဇာကုမ္ပဏီ Yara International က နယ်သာလန်နိုင်ငံမှာ စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
နယ်သာလန်တောင်ပိုင်း ဇီးလန်းပြည်နယ် Sluiskil ရွာက ကာဗွန်ဖမ်းယူသိုလှောင်ရေး (CCS) စက်ရုံဟာ ဥရောပရဲ့ အကြီးဆုံး ဓာတ်မြေသြဇာ ထုတ်လုပ်တဲ့ နေရာတွေထဲက တခုကနေ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချပေးမှာဖြစ်ပြီး တန်ချိန်နဲ့ချီတဲ့ ကာဗွန်တွေကို နော်ဝေနိုင်ငံက သိုလှောင်ရုံဆီ လွှဲပြောင်းပေးမယ်လို့ Yara က ပြောပါတယ်။
နော်ဝေ ဝန်ကြီးချုပ် ယိုးနပ်စ်ဂါးစတိုယယ်က Yara ရဲ့ Sluiskil စီမံကိန်းဟာ သိပ္ပံနည်းကျ အဆင့်မြင့် ဖြေရှင်းချက်တခုကိုရော စီးပွားရေးအရ အလားအလာကိုပါ ပေးတယ်လို့ ပြောပါတယ်။
“ကျနော်တို့ရဲ့ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုဟာ စက်မှုလုပ်ငန်းမှာ ရှိပါတယ်။ ဒီနေရာမှာ အလုပ်သမား၊ အရင်းအနှီးနဲ့ နည်းပညာ ပေါင်းစပ်မှုကို ကျနော်တို့ တွေ့နိုင်တယ်။ စွမ်းအင်က သူ့ပတ်လည်မှာ ရှိနေတာ သေချာပါတယ်။ ဒါကြောင့် ခေတ်မီစွမ်းအင်နိုင်ငံတွေဖြစ်တဲ့ နယ်သာလန်က ပထမဆုံးဖြစ်ပြီး ဒါက သွားရမဲ့လမ်းပါ” လို့ စတိုယယ်က ပြောပါတယ်။
၂၀၂၆ ခုနှစ်ကစပြီး Yara Sluiskil စက်ရုံဟာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၈ သိန်း အထိ ဖမ်းယူပြီး အရည်ပျော်အောင် လုပ်မှာပါ။
အဲဒီနောက် သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေးအော်ပရေတာ Northern Lights က နော်ဝေကမ်းလွန်မှာရှိတဲ့ ပင်လယ်ကြမ်းပြင်အောက် ၂ ဒသမ ၆ ကီလိုမီတာဆီ သယ်ယူပို့ဆောင်ပြီး သိုလှောင်ထားမှာ ဖြစ်ပါတယ်။
၁၅ နှစ်တာကာလအတွင်း Yara ဟာ Sluiskil ရွာမှာရှိတဲ့ ထုတ်လုပ်မှုကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် CO₂ တန်ချိန် ၁၂ သန်းလောက်ကို ဖယ်ရှားဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters











