
စစ်အာဏာရှင်တပ်ရဲ့ စစ်ကူရေယာဉ် ၆ စင်း စက်တင်ဘာ ၃ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆိုက်ရောက်သွားပြီလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
KIA ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က “စစ်ကောင်စီရဲ့ ရေယာဉ်တွေ တချို့ မနေ့ည ဗန်းမော်ကို ရောက်သွားပြီ။ ကျန်တဲ့ ရေယာဉ်တွေလည်း ဒီမနက် လူအင်အားတွေ တင်ပြီး တက်လာတယ်” လို့ ပြောပါတယ်။
ဇင်းဘုံ၊ စင်းခန်းကနေ လွတ်လာတဲ့ စစ်ရေယာဉ် ၇ စင်းဟာ မနေ့ညက ဗန်းမော် အောက်နား ရေနီရွာသစ်မှာ ကမ်းကပ်ရပ်နားခဲ့ပြီးနောက် တစင်းကတော့ သောင်တင် ကျန်ရစ်ခဲ့ကာ ၆ စင်းက ဗန်းမော်ကို ဆိုက်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
ရှေ့တန်းနဲ့ နီးစပ်သူ နောက်ထပ် သတင်းရင်းမြစ်တယောက်က “ဗန်းမော်မှာ ကမ်းကပ်ထားတဲ့ စစ်ရေယာဉ်တွေကို ကာကွယ်ဖို့ ဒီနေ့ လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်။ ဗန်းမော်ဘက်၊ လက်ရှိထိပဲ” လို့ ပြောပါတယ်။
မန္တလေးကနေ ဩဂုတ် ၂၁ ရက်ကစတင်ကာ ဗန်းမော်ဘက် စစ်ကူ ပို့ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ် ၁၄ စင်းထဲက ၇ စင်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက မြစ်ကြောင်း တလျှောက် ကြားဖြတ်တိုက်ခိုက်တာမှာ ပျက်သွားတာရှိသလို မီးလောင်၊ နစ်မြုပ်သွားတာတွေလည်း ရှိခဲ့ပါတယ်။
တစင်းကတော့ ဗန်းမော် မရောက်ခင် သဲသောင်မှာ သောင်တင်သွားကာ ၆ စင်းက ဗန်းမော်ကို ဆိုက်ရောက်သွားပြီး လက်ရှိထိ မြေပြင်မှာ ခြေလျင်စစ်ကြောင်းတွေနဲ့ တိုက်ပွဲ ပြင်းထန်နေပါတယ်။











