ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ပြုလုပ်ရန် ရုရှားရေတပ် စစ်ရေယာဥ် ၃ စီး မြန်မာနိုင်ငံရောက်

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်ဖို့နဲ့ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့ ရုရှားရေတပ်က စစ်ရေယာဥ် ၃ စင်း စတုတ္ထအကြိမ်မြောက်အဖြစ် ရန်ကုန်ကို နို၀င်ဘာ ၂၅ ရက် ရောက်ရှိလာတယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ရုရှားရေတပ် Pacific Fleet မှ ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နဲ့ ထောက်ပံ့ရေးရေယာဉ် Pechenga တို့ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်လာတာလို့ ဆိုပါတယ်။
ရုရှားရေတပ်မှ စစ်ရေယာဥ်တွေကို စစ်အာဏာရှင်ရေတပ် အရာရှိကြီးတွေ၊ အရာရှိ၊ စစ်သည်တွေ၊ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆီအ် အနာတိုလီဗစ်ချ် ကလစ်ရှကို၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနဲ့ တာဝန်ရှိသူတွေ လာရောက်ကြိုဆိုကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ ရုရှားစစ်ရေယာဉ်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာတဲ့ စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် ယက်ဗ်ဂျဲနီ နီကိုလာဗစ်ချ် နီရာဆိုဒေါ့ဖ်နဲ့ အရာရှိစစ်သည်တွေ ဒီခရီးစဉ်အတွင်း ရန်ကုန်မြို့ အထင်ကရနေရာတွေကို သွားရောက်လေ့လာလည်ပတ်တာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲ ပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရေတပ်စစ်သင်္ဘောအုပ်စု မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးပါတယ်။
ရုရှားနဲ့ရင်းနှီးတဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ စစ်အာဏာရှင်တပ်အတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေကို မှာယူခဲ့ပါတယ်။
မကြာသေးခင်က ရုရှားဆီကနေ T-90 တင့်ကားတွေ၊ Mi-38 ရဟတ်ယာဉ်တွေနဲ့ Su-30SM တိုက်လေယာဉ်တွေကို ဝယ်ယူခဲ့ပါတယ်။
ဒါ့အပြင် အဲဒီလေယာဉ်တွေကို ကျွမ်းကျင်စွာ ပျံသန်းနိုင်ဖို့အတွက် ကြိုတင်လေ့ကျင့်ရေးလေယာဉ် Yak-130 တွေကိုလည်း ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားစစ်တပ်က ပညာရှင်တချို့ နေပြည်တော်မှာ လအတန်ကြာနေထိုင်ပြီး မြန်မာစစ်အာဏာရှင် အရာရှိတွေကို စာတွေ့ လက်တွေ့ သင်ပေးတယ်လို့ သိရပါတယ်။











