
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဝဲမရွာနားရောက်နေတဲ့ စစ်အာဏာရှင်တပ် ရေယာဉ်တစင်း ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက်မှာ ထပ်မံပစ်ခတ်ခံရပြီး နစ်မြုပ်သွားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရှေ့တန်းနဲ့ နီးစပ်သူတယောက်က "ရွှေကူမှ ၀ဲမရွာရောက်နေတဲ့ စစ်ကောင်စီ ရေယာဉ်တစီး ဒီမနက်စောစော တိုက်ခိုက်ခံရလို့ နစ်မြုပ်သွားပြီ" လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ် ရေယာဉ် ၂ စီးကတော့ ရွှေကူဘက် နောက်ပြန်လှည့်သွားတယ်လို့ သူက ပြောပါတယ်။
ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က "နှစ်စီးလို့တောင် ပြောတယ်။ ဒီမနက် ပစ်လိုက်နိုင်တာ" လို့ ပြောပါတယ်။
မနေ့ည စက်တင်ဘာ ၁၅ ရက်ကနေ ၁၆ ရက်နေ့မနက်ပိုင်း မိုးလင်းတဲ့အထိ ပစ်နေကြတာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်ကလည်း ဗန်းမော်မြို့ ခလရ ၄၇ ကနေ ကမ္ဘာနီရွာဘက်လာတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ရာက စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။











