DVB Logo
Home
မြန်မာသတင်း
စစ်ရေယာဉ်အချို့ တကောင်းနီကယ်စက်ရုံက သတ္တုများ သယ်ယူပြီး မန္တလေးဘက်ပြန်ဆင်း
သုတချမ်းသာ
·
September 15, 2026
Photo: Myanmar CNICO
Photo: Myanmar CNICO
Donate to DVB

စက်တင်ဘာ ၄ ရက်နေ့မှာ ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်ခဲ့တဲ့ စစ်ရေယာဉ်တွေ အပါအဝင် သင်္ဘော ၃၈ စီးထဲက ရေယာဉ်တချို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့အနီး တကောင်းနီကယ်စက်ရုံက သတ္တုတွေ သယ်ယူပြီး မန္တလေးဘက် ပြန်ဆင်းသွားတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၁၄ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။

စစ်ရေယာဉ်တချို့ကတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ဆက်လက်ဆန်တက်သွားတာပါ။

၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စက်ရုံထဲမှာ ထုတ်လုပ်ထားပြီး သယ်ယူဖို့ ကျန်နေတဲ့ ကြေးနီတွေကို ပြန်သယ်ယူဖို့ စစ်အာဏာရှင်တပ်က မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်ရေယာဉ်တွေ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ထီးချိုင့်ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်က “အဲဒီသံခွန်တွေ တက်ခဲ့တုန်းက တကောင်းနီကယ်စက်ရုံက သတ္တုတွေ ထုတ်သွားတယ်လို့ ပြောတယ်။ သတ္တုတွေ ထုတ်နေတုန်းမှာ သံခွန်ပေါ်မှာ ပါခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် စခတွေကတော့ ထုတ်နေတဲ့ အချိန်အတွင်းမှာ စက်ရုံအတွင်းထဲမှာ လုံခြုံရေးယူပေးထားတယ်လို့ ကျနော်တို့ သိရပါတယ်။ မောင်းကုန်း အခြေအနေကတော့ စစ်ရေးအနေနဲ့ ဘာမှထူးခြားတာမရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီက အရပ်သားတွေကို စည်းရုံးရေးအနေနဲ့ ဘောလုံးပွဲလုပ်ပေးတာတော့ ရှိတာပေါ့၊ နောက်ပြီးတော့ သံကြည်တောင်ကိုယ်တော်လေးရဲ့ မွေးနေ့ပွဲကလည်း စည်စည်ကားကား လုပ်သွားတာရှိတယ်။ နောက်ပြီးတော့မှ အရပ်သားတွေ အကြိုက်ပေါ့ လောင်းကစားဝိုင်းတွေလည်း ပေါ်ပေါ်တင်တင် သူတို့ လုပ်ကိုင်ခွင့်ပေးထားတယ်။ ရွာသားတွေကို မူးယစ်ဆေးဝါးဆိုရင်လည်း သူတို့စိတ်ကြိုက် ရောင်းဝယ်ဖောက်ကားခွင့်ပြုထားတယ်။ တော်လှန်ရေးကို စိတ်မဝင်စားအောင် လုပ်ဆောင်နေတယ်လို့ ပြောရမှာပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ရေးအသာစီးပြန်ယူတာနဲ့ တပြိုင်တည်းမှာ တရုတ်အစိုးရနဲ့ ဆက်စပ်စီမံကိန်း၊ အလုပ်ရုံ၊ စက်ရုံတွေကို ပုံမှန်ပြန်လည်ပတ်ဖို့ ကြိုးစားနေတာပါ။ 

စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး တိုက်ပွဲပြင်းထန်တဲ့ နေရာတွေကို ပို့ဆောင်နေတယ်လို့ မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဒေါင်းက ပြောပါတယ်။

“မတ္တရာမှာတော့ အရွယ်ရောက်တဲ့သူမှန်သမျှ အကုန်စာရင်းတွေ ကောက်ထားတယ်၊ စစ်မှုထမ်းရမယ် ဆိုတဲ့ ပုံစံမျိုးတွေလည်းရှိတယ်။ မတ္တရာက ပျူတွေ စစ်မှုထမ်းထဲ ပါတဲ့သူတွေကို အထက်ပိုင်း ဗန်းမော်ဘက် စစ်ကြောင်းကို သူတို့ ထည့်လိုက်တယ်ဗျ။ ထည့်လိုက်တဲ့အခါ အခု ဗန်းမော်ဘက်မှာ စစ်ဖြစ်နေတဲ့အထဲမှာမှ မတ္တရာပျူတွေနဲ့ ပြည်သူ့စစ်တွေ ပါသွားတယ်ဗျ၊ စစ်မှုထမ်းထဲကို မဖြစ်မနေ ဆွဲသွားတဲ့လူတွေ ပါသွားတယ်။ အဲဒီမှာ မတ္တရာသားတွေ ကျဆုံးမှုတွေ များနေတယ်လို့လည်း သတင်းရရှိထားပါတယ်ဗျ။”

မတ် ၁၀ ရက်နေ့မှာ မန္တလေးတိုင်း၊ တကောင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေ လက်လွှတ်ရပြီးနောက် မတ် ၂၅ ရက်နေ့ နောက်ပိုင်းမှာ တကောင်းနီကယ်စီမံကိန်းကို စစ်တပ်က ပြန်ထိန်းချုပ်ထားတာပါ။ 

ဇွန်လကုန်ပိုင်းကစပြီး စစ်တပ်နဲ့ တရုတ်ဖက်စပ်ကုမ္ပဏီက ဝန်ထမ်းတချို့ကို လစာပြန်ပေးပြီး လုပ်ငန်းပြန်လည်ပတ်နိုင်ရေးအတွက် လူသူစုဆောင်းခဲ့ပါတယ်။ 

တကောင်းနီကယ်စက်ရုံ ပြန်လည်ပတ်ဖို့ စစ်တပ်က ကြိုးစားနေပေမဲ့ လုံခြုံရေးအခြေအနေ၊ ဝန်ထမ်းလိုအပ်ချက်၊ အခြေခံလောင်စာနဲ့ ဓာတုပစ္စည်းလိုအပ်ချက်တွေကြောင့် အချိန်တိုအတွင်း ပြန်လည်ပတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013