DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စီမံကိန်းဆီ ဦးတည်ပြီး မန္တလေးကနေ စစ်ရေယာဉ် ၃၈ စီး ဆန်တက်
သုတချမ်းသာ
·
September 7, 2026
Photo : ဒေသခံ
Photo : ဒေသခံ
Donate to DVB

တကောင်းနီကယ်စီမံကိန်းက ကြေးနီတွေကို သယ်ယူဖို့ မန္တလေး ဂေါဝိန်ဆိပ်ကနေ စစ်ရေယာဉ်တွေ အပါအဝင် သင်္ဘော ၃၈ စီး ဧရာဝတီမြစ်ရိုးအတိုင်း စတင်ဆန်တက်နေပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းနယ် တကောင်းမြို့နဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အစပ်မှာ တည်ရှိတဲ့ တကောင်းနီကယ်စီမံကိန်းကို စစ်အာဏာရှင်က ပြန်လည်ပတ်ဖို့ ကြိုးစားနေတာပါ။

လတ်တလောမှာ စက်ရုံထဲမှာ ထုတ်လုပ်ထားပြီး သယ်ယူဖို့ကျန်နေတဲ့ ကြေးနီတွေကို ပြန်သယ်ယူဖို့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ စစ်ရေယာဉ်တွေ အပါအဝင် သင်္ဘော ၃၈ စီး ဧရာဝတီမြစ်ရိုးအတိုင်း စက်တင်ဘာ ၄ ရက်မှာ စတင်ဆန်တက်နေပါတယ်။

လတ်တလောမှာ စစ်ရေယာဉ်တွေဟာ စဉ့်ကူးနယ်ထဲကို ရောက်ရှိနေပြီး နီကယ်စီမံကိန်းမှာ လုံခြုံရေးအဖြစ် ချန်ထားဖို့ ရဲတပ်ရင်းတခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “စုစုပေါင်းကို ၃၈ စီး ကျနော်တို့ သတင်းရထားတယ်ဗျ။ စစ်သုံးတိုက်ခိုက်ရေး Navy တစီးနဲ့ တခြား ၅ စီး၊ စုစုပေါင်း ၆ စီးကတော့ မနေ့ည ၁၀ နာရီခွဲလောက်ကတည်းက စတက်လာတယ်ဗျ။ စတက်လာပြီး မတ္တရာမြို့နယ် အနောက်ခြမ်း ရှင်လှ(တောင်)ရွာဘက်ကို ကမ်းကပ်ပြီး အိပ်တယ်ဗျ။ ကျန်တဲ့အစီးတွေကတော့ အခုမနက်မှ မန္တလေး ဂေါဝိန်ဆိပ်ကမ်းက တက်တာဗျ။ အခုလောလောဆယ်တော့ စဉ့်ကူးနယ်ဘက်ကို ရောက်ရှိနေပါပြီ။ အထက်ပိုင်းကို စစ်ရှုံးတဲ့ဆီတက်တာ မဟုတ်ဘူးလို့တော့ ကျနော် သတင်းရတယ်။ အခုဟာက မောင်းကုန်းရွာဘက်ကို ကပ်ပြီးတော့ နီကယ်စက်ရုံကနေ အပြန်မှာ ကြေးနီတွေတင်လာမယ်လို့ သတင်းရထားတယ်။ အခု မန္တလေးကနေ အထက်တက်တာကျတော့ ရွှေ့ပြောင်းနေရာချပေးမဲ့ သဘောမျိုးနဲ့ ရဲတပ်ရင်းတရင်းကို တင်သွားတယ်လို့လည်း သတင်းရတယ်။ အဲဒီရဲတပ်ရင်းကို တင်သွားပြီးမှ တိုက်ခိုက်ရေး သင်္ဘောတွေက လုံခြုံရေးလိုက်ယူပေးတာလို့ သတင်းရထားတယ်ဗျ” လို့ ပြောပါတယ်။

မတ် ၁၀ ရက်မှာ မန္တလေးတိုင်း တကောင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေ လက်လွှတ်ရပြီးနောက် မတ် ၂၅ ရက် နောက်ပိုင်းမှာ တကောင်းနီကယ်စီမံကိန်းကို စစ်အာဏာရှင်တပ်က ပြန်ထိန်းချုပ်ထားတာပါ။

ဇွန်လကုန်ပိုင်းကစပြီး စစ်အာဏာရှင်နဲ့ တရုတ်ဖက်စပ်ကုမ္ပဏီက ဝန်ထမ်းတချို့ကို လစာပြန်ပေးပြီး လုပ်ငန်းပြန်လည်ပတ်နိုင်ရေးအတွက် လူသူစုဆောင်းခဲ့ပါတယ်။

စစ်အာဏာရှင်တပ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ရေးအသာစီး ပြန်ယူတာနဲ့ တပြိုင်တည်းမှာ တရုတ်အစိုးရနဲ့ ဆက်စပ် စီမံကိန်း၊ အလုပ်ရုံ၊ စက်ရုံတွေကို ပုံမှန်ပြန်လည်ပတ်ဖို့ ကြိုးစားနေတာပါ။

တကောင်းဒေသခံတယောက်က “အခုလောလောဆယ် ကြားနေရတာ နီကယ်စက်ရုံက ကုန်တွေကို လာတင်ဖို့ သူတို့ လာတယ်လို့ ထင်တယ်။ စစ်ကောင်စီက ကျနော်တို့ မောင်းကုန်းအုပ်စုဘက်မှာ ရွာတွေမှာ ကင်းစောင့်ရမယ် ဆိုပြီးတော့မှ ရွာသားတွေကို ကင်းစောင့်ခိုင်းတယ်။ တကယ်လို့ ရွာသားတွေ ကင်းမစောင့်နိုင်လို့ရှိရင် တအိမ်ကို ၂၀,၀၀၀ ပေးရမယ်ဆိုပြီးတော့မှ ရွာသားတွေကို အကျပ်ကိုင်နေတာရှိတယ်ဗျ” လို့ ပြောပါတယ်။

တကောင်းနီကယ်စီမံကိန်းကို စစ်အာဏာရှင်က ပြန်လည်ပတ်ဖို့ ကြိုးစားနေတယ် ဆိုပေမဲ့ အနီးဝန်းကျင်က ထီးချိုင့်-ကသာလမ်းပိုင်း ကျောက်မှော်ရွာအနီးတဝိုက်မှာ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ဩဂုတ်လလယ်ပိုင်းမှာ စစ်အာဏာရှင်တပ်တွေ လမ်းပိုင်းကနေ ဆုတ်ခွာခဲ့ရပါတယ်။

ထီးချိုင့်နဲ့ ကသာမြို့ပေါ် နေရာတွေကို စစ်အာဏာရှင်တပ်က ဆက်လက်ထိန်းချုပ်ထားပေမဲ့ ဒေသတွင်း လမ်းပိုင်းနေရာတွေကို ပြန်လက်လွှတ်ထားရတာ ဖြစ်ပါတယ်။

တကောင်းနီကယ်စီမံကိန်း ပြန်လည်ပတ်မယ် ဆိုတာဟာ လတ်တလော ဒေသခံပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းတာကို ဖြေရှင်းနိုင်မယ်ဆိုပေမဲ့ ရေရှည်အတွက်ကတော့ တော်လှန်ရေး အောင်မြင်ဖို့ကသာ အဓိကဖြစ်တယ်လို့ ထီးချိုင့် ပအဖ တာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။

ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “တော်လှန်ရေးကာလ ကြာလာတဲ့အချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ စားဝတ်နေရေးခက်ခဲတာ အကုန်အစုံပေါ့။ နောက်ဆက်တွဲတွေရှိတော့ တော်တော်များများက ပင်ပန်းနေကြပြီ။ နီကယ်စက်ရုံ ပြန်လည်ရင်တော့ ဒေသအနေနဲ့တော့ မဆိုးဘူး။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေက ပြီးအောင်တိုက်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားတာဆိုတော့ ဒီအခြေအနေရှိလာလည်း ကျနော်တို့ဘက်က ဘာမှထူးလာမှာမဟုတ်ဘူး။ လက်ရှိ စစ်ကောင်စီ ပြန်လည်လွှမ်းမိုးသွားတဲ့ အခြေအနေမှာ ကျနော်တို့ဘက်က သတိထားရမှာက စစ်ကောင်စီက အရင်တုန်းကလို ဝင်လာတာတော့ မဟုတ်ဘူး။ ပြန်ဝင်လာတဲ့အခါမှာ အရင်လို မီးရှို့တာ၊ ဖမ်းတာ ဆီးတာတွေ မလုပ်ဘဲနဲ့ လုပ်ချင်တာလုပ်၊ PDF တွေ လွှမ်းမိုးတဲ့နေရာနဲ့ ပြောင်းပြန်ဖြစ်အောင် ဗျူဟာနဲ့လာတာဆိုတော့ တော်တော်ချိန်ဆပြီးမှ သုံးသပ်ရမဲ့သဘောပေါ့နော်။ ကာလတခု ရောက်ရင်တော့ ဒီဟာကို အပြောင်းအလဲတခု ဖြစ်အောင်တော့ သင်္ဘောတွေနဲ့ပတ်သက်လို့ ကသာနဲ့ ထီးချိုင့်ကြားမှာ ပြန်လည်လွှမ်းမိုးသွားတာမျိုး၊ ဒါမျိုးအပါအဝင် ထီးချိုင့်အရှေ့ခြမ်းမှာလည်း ဒါမျိုးတွေ ဖြစ်လာဖို့က မြင်နေပါတယ်” လို့ ပြောပါတယ်။

ထီးချိုင့်နယ် မောင်းကုန်းရွာအနီးမှာ တည်ရှိတဲ့ တကောင်းနီကယ်စက်ရုံကို ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်ခဲ့တာပါ။

တကောင်းနီကယ်စီမံကိန်းမှာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction က အမေရိကန်ဒေါ်လာ ၈၅၅ သန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး အချိန် ၂ နှစ်နီးပါး လုပ်ငန်းမလည်ပတ်နိုင်ခဲ့တဲ့အတွက် စစ်အာဏာရှင်နဲ့ ဖက်စပ်ကုမ္ပဏီအတွက် နစ်နာမှု တန်ဖိုးပမာဏ များပြားခဲ့ပါတယ်။

မန္တလေးတိုင်းထဲက ပြန်ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ တရုတ်စီမံကိန်းနဲ့ လုပ်ငန်းတွေရှိတဲ့ နေရာတွေကို ပိုပြီးအာရုံစိုက်ထိန်းချုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားနေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013