
ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်မှုထမ်း တပ်သားသစ် ပြည့်မီရေး ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းအပတ်စဉ်လိုက် လူဦးရေပြည့်မီရေး လူစုဆောင်းဖို့ ထွေအုပ်က တဆင့် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဘားအံမြို့မှာ လူစုဆောင်းတာတွေ ပိုမိုလုပ်ဆောင်နေပါတယ်။
မြို့မိမြို့ဖတယောက်က “ရပ်ကွက်အစွန်းအဖျားတွေမှာ တခြားနယ်ကလာပြီး အလုပ် လာလုပ်ကိုင်ကြတဲ့သူတွေ ရှိတယ်လေ။ အဲဒါတွေကို ဖမ်းပြီးတော့ စစ်မှုထမ်းခွဲတမ်းမပြည့်လို့ ညနေဘက်ဆို ရဲတွေ အုံနဲ့ကျင်းနဲ့ ရပ်ကွက်တွေဆင်းပြီးတော့ လိုက်ရှာတာ။ အလုပ်သမားတွေပေါ့ အဓိက,ကတော့။ ပါသွားကြတာတွေ ရှိတယ်။ မြို့အလယ်ခေါင်က အေးချမ်းသလိုလိုနဲ့၊ ရုပ်ပျက်တာပေါ့။ အရေအတွက်မပြည့်တော့ လိုက်ဖမ်းတာ။ မိသားစုတကွဲတပြားနဲ့ လာရောက် အလုပ်လုပ်ကိုင်တာကို ကောက်စားသွားတာ။ မြို့အလယ်ခေါင် မြို့ပေါ်တွေက ငြိမ်တာပေါ့။ ခက်တာက စစ်မှုထမ်းကြေးလည်း သွင်းရတယ်၊ ဖမ်းလည်းဖမ်းတယ်။ အဲလိုတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင် ရှားပါးတာတွေ ကြောင့် ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းတိုင်း စတဲ့ဒေသတွေက အခြေခံလူတန်းစား အများစုဟာ ဘားအံမြို့ကို လာရောက်ပြီး လုပ်ငန်းခွင်မျိုးစုံမှာ အလုပ်လုပ်ကိုင်နေတာပါ။
မြို့ခံတယောက်က “အခုက စစ်မှုထမ်းအနေနဲ့ ဘားအံမှာက တနေ့တခြား ပိိုပုပြီးတော့ ဆိုးဝါးလာတယ်၊ စစ်မှုထမ်းတွေအတွက်။ အခုက ငွေကြေးတွေလည်း ကောက်ခံတယ်။ စစ်မှုထမ်းကိုလည်း အသက်ကြီးငယ်မရွေး ယောကျ်ားလေးမရွေး တွေ့လိုရှိရင် ပေါ်တာတွေ ဆွဲတာပဲ။ အခုက ဟိုတနေ့က ကော့ကသောင်နားမှာ ယောကျ်ားလေးရော၊ မိန်းကလေးရော ဖမ်းခံထိတယ်။ နောက်ပြီးတော့ ကမ်းနားလမ်း၊ သုခငြိမ်းအေးနားမှာလည်း မော်တော်ပီကယ်တွေ ရော၊ စစ်သားတွေရော၊ ရဲတွေရော ပေါ်တင်ကို ပေါ်တာဆွဲတာ။ အရင်တုန်းက ဘားအံမြို့က အေးအေးဆေးဆေးပဲ။ သွားလာလို့ နေလို့ထိုင်လို့ စားလို့သောက်လို့ ရောင်းလို့ဝယ်လို့ ဖြစ်တယ်။ အခုက တခြားမြို့တွေလိုပဲ ဖြစ်လာပြီ။ အခြေအနေတွေ ပိုပြီးတော့ ဆိုးဝါးလာတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်ကို ခရီးသွားဝင်ရောက်မှုများအောင် ကြိုးစားလုပ်ဆောင်နေသလို ခရီးသွား ဧည့်သည်တွေ လည်ပတ်နိုင်မဲ့ ခရီးစဉ်သစ်တွေကိုပါ ရေးဆွဲနေပေမဲ့ တဖက်မှာလည်း စစ်မှုထမ်း တပ်သားသစ် ပြည့်မီရေး ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ခရီသွားလုပ်ငန်းကို ထိခိုက်လာနိုင် တယ်လို့ ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာသူတွေဆီက သိရပါတယ်။
အောင်ခန့်











