
ထိုင်းနိုင်ငံမှာ ကျောက်ဖရားမြစ်ရေလျှံတက်လာလို့ အယုဒ္ဓယခရိုင်ရဲ့ မြို့နယ် ၁၆ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ကြုံနေရပြီး အရေးပေါ်အဆင့်သတ်မှတ်ကာ ရေမြင့်တက်မှုကို ဆက်စောင့်ကြည့်နေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘန်ကောက်မြို့မှာ ရေကြီးရေလျှံတာတွေ ကြုံရပြီးတဲ့နောက် အခုတဖန် အယုဒ္ဓယခရိုင်ရဲ့ မြို့နယ် ၁၆မြို့နယ်မှာ ရေထပ်ကြီးလာလို့ အိမ်ထောင်စု ၅၉,၀၀၀ ကျော် ထိခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။
ကျောက်ဖယားမြစ် နဲ့ ဆက်စပ်နေတဲ့ ရေလမ်းကြောင်းတွေ မြင့်တက်လာနေပြီး လူနေရပ်ကွက်တွေ လယ်ယာတွေနဲ့ ကားလမ်းတွေပေါ်အထိ ရေတက်လာတဲ့ အခြေအနေက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတာပါ။
ဒါကြောင့် မြစ်ကမ်းပါး နဲ့ ရေကာတာအပြင်က မြေနိမ့်ပိုင်းဒေသတွေမှ ဆိုးရွားစွာ သက်ရောက်မှု ရှိနေတဲ့အတွက် အရေးပေါ်အဆင့်သတ်မှတ်ထားတာလို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။
DVB အနေနဲ့ အယုဒ္ဓယခရိုင်ထဲက စက်မှုဇုန်တွေရှိနေတဲ့ ဘန်ပါအင်မြို့နယ်က မြန်မာတွေကို ဆက်သွယ်မေး မြန်းကြည့်တဲ့အခါ ရေဒဏ်ကိုအဆိုးဆုံးမခံရသေးပေမဲ့ ထိုင်းအစိုးရရဲ့ သတိပေးချက် တွေကြောင့် ပြောင်းရွှေ့ဖို့ အဆင်သင့်အနေအထားနဲ့ ပြင်ဆင်ထားတယ်လို့ ဆိုကြပါတယ်။
အယုဒ္ဓယခရိုင် ဘန်ပါအင်မြို့နယ်နေ မြန်မာလုပ်သားတယောက်က “ကျနော်တို့က သွားသွားလာလာ လုပ်လို့ရသေးတယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ ရေနည်းနည်း ပြန်ထွက်လာရင်တော့ ပါနိုင်တယ်။ ကျနော်တို့ကလည်း အဆင်သင့်နေနေတယ်၊ ပစ္စည်းတွေရွှေ့ထားပြီး အဆင်သင့်နေနေတယ်။ အခုဖြစ်နေတာက ကျောက်ဖရားမြစ်တလျှောက်လုံးမှာ ရေများနေတာ” လို့ ပြောပါတယ်။
အယုဒ္ဓယခရိုင်တခုလုံးရဲ့ ဗဟိုချက်မဖြစ်တဲ့ ဖရာ့နခွန်ဆီ အယုဒ္ဓယမြို့နယ်က အဆိုးဆုံးရေဘေး ဒဏ်ခံနေရပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား သောင်းနဲ့ချီ အလုပ်လုပ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။
ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ လက်ရှိ ရေလယ်မှာပိတ်မိနေတဲ့ ရပ်ကွက်တွေဆီ ကယ်ဆယ်ရေးလှေတွေ စေလွှတ်ကူညီပေးနေရပြီး အခြေအနေ ပိုဆိုးလာနိုင်ခြေရှိမရှိ ရေမျက်နှာပြင်တွေကို အနီးကပ်စောင့်ကြည့်နေကြရပါတယ်။
DVB အနေနဲ့ ဖရာ့နခွန်ဆီအယုဒ္ဓယမြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေ တဲ့ မြန်မာအလုပ်သမားတွေနဲ့ အဆက်သွယ်ရခဲ့ပြီး လက်ရှိ ဆိုက်ဒ်တွေ၊ အလုပ်ရုံတွေ အကုန်ပိတ်ထားကာ ဘေးကင်းတဲ့နေရာကို ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။
ဖရာ့နခွန်ဆီ အယုဒ္ဓယမြို့နယ်နေ မြန်မာအလုပ်သမားတယောက်က “လောလောဆယ် ကျနော်တို့ ဆိုက်ဘက်ကသူ တော်တော်များများကတော့ အခုဘေးလွတ်တဲ့နေရာကို ပြောင်းပြီးပြီ။ ကျန်တာကတော့ မြန်မာမှမဟုတ်ဘူး ထိုင်းတွေလည်း ပိတ်မိနေတာရှိသေးတယ်။ ရေက နှစ်စဉ်ကြုံနေကြဆိုပေမဲ့ ဒီတခါဆိုးတာပေါ့။ အကူညီတွေကတော့ ရပါတယ် ကျနော်တို့ကတော့” လို့ ပြောပါတယ်။
မြစ်ရေဆက်လက်မြင့်မားနေဆဲဖြစ်တာကြောင့် မြစ်ကမ်းပါးတွေနဲ့ ရေကာတာနံရံတွေရဲ့ အပြင်ဘက်၊ အန္တရာယ်ကြီးမားတဲ့ ဇုန်တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ၊ မြန်မာတွေအနေနဲ့ အထူးသတိနဲ့ နေထိုင်ကြဖို့ သတိပေးထားပါတယ်။
လက်ရှိ ရာသီဥတုဖောက်ပြန်မှုနဲ့အတူ မိုးဆက်တိုက်ရွာနေတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထိုင်းတနိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုတွေကြုံတွေ့ခဲ့ပြီး ရေဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၄၀ ကျော် ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
မောရစ်











