
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာမှာ မြစ်ရေတက်တာကြောင့် နေအိမ်တွေ ရေမြုပ်နေပြီး ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
တနင်္သာရီမြစ်ရေ တက်လာတာဟာ ဒီကနေ့ သြဂုတ် ၃၀ ရက်နေ့ဆိုရင် ၆ ရက်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အနောက်မော်တုန်းရွာမှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က “အခက်အခဲတွေက အကုန်ပဲ။ စိတ်လည်း တော်တော်ပင်ပန်းတယ်။ တချို့ဆို စားသောက်ရေးအတွက် ပင်ပန်းနေကြတာ။ လာရောက်ကူညီသူတွေလည်း မရှိသေးဘူး” လို့ ပြောပါတယ်။
အနောက်မော်တုန်းရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး ၂၀၀ လောက်က ရေမြုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနစ်တုန်းကလည်း တနင်္သာရီမြစ်ရေ တက်လာမှုကြောင့် အနောက်မော်တုန်းရွာမှာ တလလောက် နေအိမ်တွေ ရေမြုပ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ တနင်္သာရီမြစ်ရေ တက်မှုကြောင့် အနောက်မော်တုန်းရွာအပြင် ပဝ၊ တနင်္သာရီမြို့ထဲနဲ့ မြေနိမ့်ပိုင်းက ကျေးရွာတချို့ ရေကြီးနေပြီး နေအိမ်တွေ ရေမြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











