DVB Logo
Home
နိုင်ငံတကာ
တာလီဘန် အာဏာရပြီးနောက် အာဖဂန်မိန်းကလေး ၂ သန်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံး
DVB
·
August 12, 2026
Photo: REUTERS / UNESCO
Photo: REUTERS / UNESCO
Donate to DVB

တာလီဘန်တွေ အာဏာပြန်ရလာတဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အာဖဂန်နစ္စတန်မှာ မိန်းကလေး ၂ သန်းကျော်ဟာ မူလတန်းထက် ပိုပြီး ပညာဆက်သင်နိုင်ခွင့် မရှိတော့ဘဲ ပိတ်ပင်ခံထားရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဩဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

တာလီဘန်တွေဟာ အမျိုးသမီးတွေကို အစိုးရဝန်ထမ်းအဖြစ် လုပ်ခွင့်ပိတ်ထားသလို မိန်းကလေးတွေကိုလည်း အသက် ၁၂ နှစ်အထိပဲ ပညာသင်ခွင့် ကန့်သတ်ထားတာပါ။

အာဖဂန်မိန်းကလေး ၂ ဒသမ ၄ သန်းလောက်ဟာ အလယ်တန်း၊ အထက်တန်းနဲ့ အဆင့်မြင့်ပညာတွေ သင်ယူနိုင်ခွင့် ဆုံးရှုံးနေပြီး ဒီလိုကန့်သတ်တာ ကြာလေလေ ပညာရေးစနစ် ပြန်ဦးမော့ဖို့ လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးရတဲ့ အဆိုးသံသရာ ထိခိုက်မှု ပိုကြီးလေလေပဲလို့ UNESCO ကျွမ်းကျင်သူ ဟိုဒါ ဂျာဘေးရီးယန်းက ပြောပါတယ်။

ဒီအတိုင်း ဆက်သွားရင် ၂၀၃၀ ပြည့်နှစ်မှာ အဲဒီလို ပညာသင်ခွင့် ကင်းမဲ့နေတဲ့ မိန်းကလေး ၄ သန်းနီးပါး ရှိလာမယ်လို့လည်း UNESCO က ခန့်မှန်းထားပါတယ်။ 

ဂျာဘေးရီးယန်းက "အာဖဂန်အမျိုးသမီးတွေမှာ ပညာသင်ကြားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေး ရှိပါတယ်။ သူတို့ အခွင့်အရေးတွေ ပြန်မရမချင်း ကမ္ဘာကြီးအနေနဲ့ မျက်ကွယ်ပြုမထားကြဖို့ တောင်းဆိုချင်ပါတယ်" လို့ ပြောပါတယ်။

၂၀၂၁ ဩဂုတ်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်တွေ ရုတ်တရက် ထွက်သွားပြီးနောက် အာဏာပြန်ရလာတဲ့ တာလီဘန်တွေဟာ နှစ် ၂၀ စာ အနောက်နိုင်ငံပုံစံ အုပ်ချုပ်ရေးအစား ရှာရီယာ ဥပဒေ အခြေခံတဲ့ အစ္စလာမ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ရည်ရွယ်ထားတာပါ။

သူတို့က အမျိုးသမီးအခွင့်အရေးကို အစ္စလာမ်ဥပဒေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်း လေးစားပါတယ်လို့ ဆိုပေမဲ့ ၂၀၂၂ ခုနှစ်မှာ မိန်းကလေး အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပေးမယ်ဆိုတဲ့ ကတိကို ဖျက်ခဲ့သလို နှစ်ကုန်ပိုင်းမှာလည်း တက္ကသိုလ်တွေကိုပါ ပိတ်ပစ်ခဲ့ပြီး ကျောင်းပြန်ဖွင့်မဲ့ အချိန်ဇယားကိုလည်း ထုတ်မပြောသေးပါဘူး။

ဒီမူဝါဒတွေကြောင့် အစ္စလာမ် ဘာသာရေးပညာရှင်တွေ အပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး အနောက်နိုင်ငံ သံတမန်တွေကလည်း အမျိုးသမီးတွေအပေါ်ထားတဲ့ မူဝါဒ မပြောင်းသမျှ တာလီဘန်အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ လမ်းစပိတ်နေမှာပဲလို့ ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013