DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်ခံနေရသည့် စာသင်ခန်းများနှင့် ပျောက်ဆုံးလာသည့် ပညာသင်ကြားခွင့်
ဝေဝေ
·
September 8, 2026
တိုက်ခိုက်ခံနေရသည့် စာသင်ခန်းများနှင့် ပျောက်ဆုံးလာသည့် ပညာသင်ကြားခွင့်
1 / 2
၂၀၂၅ ခုနှစ် မေ ၁၂ ရက်က ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံခဲ့ရစဉ်။ (Photo:DVB)
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တပ်က စာသင်ကျောင်းတွေကို တိုက်ခိုက်နေတာကြောင့် ကလေးတွေရဲ့ ပညာသင်ယူခွင့် ထိခိုက်နေသလို ပညာရေးအတွက် စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ စာတတ်မြောက်ရေးနေ့ International Literacy Day ဖြစ်ပါတယ်။

စာတတ်မြောက်ခြင်းဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးဖြစ်ပြီး ပညာသင်ယူနိုင်ဖို့၊ လူမှုဘဝမှာ အပြည့်အဝ ပါဝင်နိုင်ဖို့နဲ့ အနာဂတ်အတွက် အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ အခြေခံအုတ်မြစ်တခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက်တော့ စာတတ်မြောက်ဖို့အတွက် အခြေခံလိုအပ်ချက် ဖြစ်တဲ့ စာသင်ခွင့် ရရှိနိုင်ရေးမှာတင် အခက်အခဲတွေ ကြုံနေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ စာသင်ခန်းအတွင်းရှိရမဲ့ ကလေးသူငယ်တွေဟာ ဒေသတွင်း ပဋိပက္ခတွေ၊ ကျောင်းပိတ်တာ၊ ကျောင်းရွှေ့ပြောင်းတာ၊ လုံခြုံရေးအခြေအနေ၊ ဆရာ  ဆရာမ မလုံလောက်မှု၊ စာသင်ခန်း၊ စာအုပ်၊ သင်ထောက်ကူပစ္စည်း မလုံလောက်မှု စတာတွေ ကြုံတွေ့နေရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကြားကာလ ပညာသင်ကြားရေး CDM ဆရာမတယောက်က “စာသင်နေရင်းနဲ့ ဒီလိုမျိုး ဂျိုင်ရိုကော်ပရာတွေ တက်လာတယ်။ မုံရွာနဲ့နီးတာဆိုတော့ မုံရွာကနေ တက်လာတယ်။ အဲဒီအခါတွေမှာ ကလေးတွေကို လုံခြုံအောင်လို့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းခိုင်းရတာပေါ့။ ကျမတို့ ကလေးတွေအတွက် အများကြီးကို စိတ်မကောင်းရဘူးရှင့်။ ဘာလို့လဲဆိုတော့ ဒီလို အခက်အခဲတွေကြားထဲမှာ သင်ကြားနေရတာဆိုတော့ အကြောက်တရားတွေ အများကြီးရှိတယ်။ သင်ကြားနေတဲ့ ဆရာမတွေရော၊ ဆရာတွေရော အကြောင်းတရားတွေ အကုန်ဖုံးလွှမ်းကုန်တာပေါ့။ ဒါပေမဲ့ ကျမတို့က ဘယ်လိုပဲ ဖြစ်လာဖြစ်လာ ကျမတို့ ဒီကလေးတွေ စာတတ်မြောက်ရေးအတွက် ရသလောက်ကို ကျမတို့က သင်နေမှာပဲရှင့်။ ဒီ မြန်မာနိုင်ငံကလူတွေ စာမတတ်လေ သူတို့က ကြိုက်လေပဲလေ” လို့ ပြောပါတယ်။

နှစ်စဉ် စက်တင်ဘာ ၉ ရက်နေ့ကို ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြား ပညာရေးကို တိုက်ခိုက်မှုကနေ ကာကွယ်ရေး အပြည်ပြည်ဆိုင်ရာနေ့ (International Day to Protect Education from Attack) အဖြစ် သတ်မှတ်ထားပါတယ်။

စာတတ်မြောက်ခြင်းဟာ ကလေးတွေအတွက် အခြေခံဖြစ်ပေမဲ့ လွတ်လပ်စွာ စာသင်ကြားခွင့်ကိုက မလုံခြုံတော့တဲ့အခါ ကလေးတွေရဲ့ အနာဂတ်က စိုးရိမ်စရာတွေ ပြည့်နှက်နေပါတယ်။

ကရင်နီစစ်ဘေးရှောင်တွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာ လင်းက  “စာသင်ကျောင်းတွေကို  လက်လှမ်းမမီနိုင်တာလည်း ပါသလို စာသင်တွေကို လက်လှမ်းမီနိုင်တယ် ဆိုရင်တောင်မှ ပုံမှန်အချိန်တွေမှာ ပုံမှန်လူတွေ ဖွင့်ပြီး ပညာသင်ကြားခွင့် ရသလို သင်ကြားခွင့်မရနေဘဲနဲ့ ဝေဟင်နဲ့ မြေပြင်က သတင်းတွေကို နားစွင့်ပြီးတော့မှ ပညာရေးကို သင်ကြားကြရတယ်။ သတင်းတွေမှာလည်း တွေ့လိမ့်မယ်၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲတာမျိုး၊ လေကြောင်းတိုက်ခိုက်တာမျိုးလည်း တောက်လျှောက်ရှိနေတဲ့အတွက်ကြောင့် ဒီအခြေခံပညာကိုတောင်မှ ငြိမ်းချမ်းစွာနဲ့ အခွင့်အရေးပြည့်ဝစွာနဲ့ သင်ကြားခွင့်မရတဲ့ ကလေးတွေ အများကြီးရှိနေတယ်။ ပညာသင်ကြားခွင့်ဆိုတာက လူတယောက်ရဲ့ မွေးရာပါ အခြေခံအခွင့်အရေးပေါ့။ အဲဒီအခွင့်အရေးကိုတောင်မှ မရနေတဲ့ ကလေးတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံက စာသင်ကျောင်းတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေဟာ တိုက်ခိုက်မှုနဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရပြီး ကလေးတွေရဲ့ ပညာသင်ယူခွင့်နဲ့ အနာဂတ်အခွင့်အလမ်းတွေပါ ထိခိုက်ဆုံးရှုံးနေပါတယ်။

ဒီအတွက် တာဝန်ရှိသူတွေသာမကဘဲ ပြည်သူတွေကပါ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြဖို့လည်း လိုအပ်ပါတယ်။

CDM ကထိက ဒေါ်ရတီအုန်းက “အဲဒီလို စာသင်ကျောင်းတွေ ပျက်စီးတာကြောင့်မို့လို့ ကလေးတွေရဲ့ ပညာသင်ကြားမှုမှာ ကြီးမားတဲ့ ထိခိုက်မှု ရှိပါတယ်။ ဘေးလွတ်မယ်လို့ ထင်တဲ့နေရာတွေပေါ့၊ ချောက်ကြား၊ ချောင်းကြား၊ မြောင်းကြား၊ လျှိုကြား၊ မြှောင်ကြားပေါ့နော် အဲ့လို အဆင်ပြေတဲ့နေရာမှာ ဝါးရုံပင်အောက်မှာ၊ အင်ပင်တွေအောက်မှာ ဖြစ်သလို အမိုးအကာလေးတွေ ပြုလုပ်ပြီးတော့မှ စာသင်ကြားနေရတဲ့ အနေအထားပါရှင့်။ ရေဘေးကြောင့် ကျောင်းတွေ ပျက်စီးတယ်၊ စစ်ကောင်စီကြောင့် လုံခြုံရေးအခြေအနေ မကောင်းတာတွေ၊ နောက် မိဘတွေရဲ့ စီးပွားရေး အခြေအနေကြောင့်မို့လို့ ကျောင်းပုံမှန်မတက်နိုင်တာတွေ ရှိလာတယ်။ အဲဒါတွေသာ ဆက်ဖြစ်နေမယ် ဆိုလို့ရှိရင် ကလေးတွေရဲ့ စာတတ်မြောက်မှုမှာလည်း အဟန့်အတား အကန့်အသတ်တွေ ဖြစ်လာလိမ့်မယ်။ အနာဂတ် ပညာရေးအပေါ်မှာလည်း ရေရှည်ကျရင် ထိခိုက်မှုကြီးစွာ ရှိနိုင်တာကြောင့်မို့လို့ အဲဒီအခြေအနေအတွက် စိန်ခေါ်မှုတွေကို ကျမတို့ ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေပြီးတော့မှ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်ရှင့်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လကစပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်ထိ စစ်တပ်ရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၁၇၆ ကျောင်း ဖျက်ဆီးခံခဲ့ရတယ်လို့ DVB ဒေတာအဖွဲ့က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းပြီးကတည်းကဆို ၂၀၂၅ အောက်တိုဘာ ၂၁ ရက်အထိ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တနိုင်ငံလုံး စာသင်ကျောင်း ၄၇၀ ကျောင်း ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းက ၁၃၄ ကျောင်းနဲ့ အများဆုံး ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013