
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတခုမှာ စက်တင်ဘာ ၂၂ ရက် မနက်စောပိုင်းက စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ကိုယ်ဝန် ၉ လ လွယ်ထားရသူဖြစ်ပြီး ဒီးမော့ဆို စစ်ရှောင် တခုမှာ တဲဆောက်နေထိုင်တာပါ။
ဆရာဝန်တယောက်က “ကိုယ်ဝန်က ၈ လကျော်၊ ၉ လထဲကို ရောက်နေပြီ။ ဘာလို့ ဒီလို လုပ်သွားတာလဲတော့ ကျနော်တို့လည်း သေချာတော့ မသိရဘူး။ မဖြစ်ခင်မှာတုန်းကလည်း နောက်ဆုံးတခေါက်တွေ့ခဲ့တာက ဆေးခန်းမှာ အာထရာဆောင်းလာရိုက်တုန်းက တခေါက်လေး တွေ့ခဲ့တာ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဘာတွေ မမေးကြည့်မိဘူး” လို့ ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာ သူ့ရဲ့ ယောကျ်ားဖြစ်သူက အပြင်ခဏသွားပြီး ပြန်လာချိန် အမျိုးသမီးက ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မိခင် ကွယ်လွန်ပြီးနောက် ဆရာဝန်တွေ စမ်းသပ်ကြည့်ရာမှာ ဗိုက်ထဲက ကလေးပါ သေဆုံး နေပြီဆိုတာ သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်က ဒေသခံတွေဟာ စစ်ရှောင်စခန်းတွေမှာ ဆင်းရဲကျပ်တည်းစွာ နေထိုင်စားသောက်နေကြရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။











